မုံရွာမြို့နယ်အတွင်း သက္ကယ်ကျင်းတစ်ရွာရှိ အိမ်ခြေ(၄၀၀)ဝန်းကျင်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးပြီး အရပ်သား (၄)ဦးကို သတ်ဖြတ်သွား

Photo: 5/ Commando Force
Photo: 5/ Commando Force
မုံရွာမြို့နယ်အတွင်း သက္ကယ်ကျင်းတစ်ရွာရှိ အိမ်ခြေ(၄၀၀)ဝန်းကျင်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးပြီး အရပ်သား (၄)ဦးကို သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း မုံရွာမြို့တောင်ဘက် စက်မှုဇုန်အနီးရှိ သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ရာ နေအိမ်(၄၀၀)ဝန်းကျင် ပျက်စီးသွားပြီး အရပ်သား(၄)ဦးကိုလည်း သတ်ဖြတ်သွားကာ (၂)ဦးကို အိမ်သာအတွင်း သတ်ပြီး ပြစ်ထားခဲ့ကြောင်း 5/ Commando Force ထံမှ သိရသည်။

“အသတ်ခံရတာ (၄)ဦး။ အမျိုးသမီး(၃)ဦး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီး အသက်(၄၀)နဲ့ (၄၅)နှစ်တွေက အိမ်သာထဲ သတ်သွားတာ (၈၀)ကျော်က အိမ်ထဲမှာ သတ်ခံရတယ်။ အမျိုးသား အကင်သမားက လမ်းပေါ်မှာ သတ်ခံရတယ်။”ဟု 5/ Commando Force မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို မတ်လ(၁၅)ရက်နေ့တွင် ပြောသည်။ 

 ၂၀၂၄ခုနှစ် မတ်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် လယ်ဇင်ရွာနှင့် သက္ကယ်ကျင်းရွာတို့ကို ဝင်ရောက်လာပြီးနောက် သက္ကယ်ကျင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

“ဝင်တာက (၂)ရွာ။ သက္ကယ်ကျင်းရွာကို မီးရှို့သွားတာ။ နေအိမ်က ခန့်မှန်း(၄၀၀)ဝန်းကျင်ပေါ့နော် ပျက်စီးသွားတယ်။ အသတ်ခံရတာ အကင်သမား ( အသားကင်ရောင်းသူ )ပေါ့နော်။ နောက်တစ်ခုက အိမ်သာထဲမှာ သတ်သွားတာ(၂)လောင်း ဒီမနက် မှတွေ့တာဗျ။ ပြည်သူတွေလည်း ပူဆွေးနေကြတယ်။ တရွာလုံးအော်ငိုနေကြတယ်။”ဟု ၎င်းက ဆက်ပြောသည်။ 

တစ်ရွာလုံးနီးပါး ပျက်စီးသွားသဖြင့် ဒေသခံများမှာ အိုးမဲ့အိမ်မဲ့ အခြေနေသို့ ရောက်ရှိသွားသဖြင့်   သက္ကယ်ကျင်းကျေးရွာမှ မီးဘေးသင့်ပြည်သူများကို တိုက်ရိုက်ဖြစ်စေ၊ အဖွဲ့အစည်းများမှဖြစ်စေ ဆက်သွယ်၍ ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။ 

စစ်ကောင်စီတပ်သည် အရပ်သားများကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ကာ တစ်ရွာလုံးနီးပါးအပြင် ဘုရားစေတီ၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းများပါမချန် မီးရှို့ဖျက်ဆီးသွားကြောင်းနှင့်  မီးလောင်ခံထားရသော အသက် (၈၀)နှစ်ဝန်းကျင်အဘွား အိုတစ်ဦး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီး(၂)ဦးတို့ကိုလည်း တွေ့ရှိထားကြောင်း သိရသည်။

 

ထို့အပြင် ဒေသခံ(၁၀၀)ကျော်ကိုလည်း စစ်ကောင်စီတပ်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ဖမ်းဆီးခေါ် ဆောင်သွားသည်ဟု သိရသည်။