အသက်အရွယ်နှင့် ကျန်းမာရေးကြောင့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ခံဝန်ချုပ်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁) ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့ နေအိမ်၌ လာရောက်တွေ့ဆုံခဲ့သည်။
ပြည်ပတွင် (၁၅) နှစ်ကြာ နေထိုင်ခဲ့စဥ်အတွင်း သက်ဆင်၏ အရင်းနှီးဆုံး မဟာမိတ်တစ်ဦးအဖြစ် ဟွန်ဆန်က ရပ်တည်ခဲ့သည်။
ထိုင်းနိုင်ငံမှထွက်ခွာပြီး ပြည်ပတွင် သက်ဆင် နေထိုင်ခဲ့သည့် ကာလတစ်လျှောက် ဟွန်ဆန်က အကူအညီပေးခဲ့ကြောင်းနှင့် ၎င်း၏ အထူး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပြီး ကမ္ဘောဒီးယားသို့ မကြာခဏ လာရောက်ခွင့်ပြုကာ မဟာမိတ်များနှင့် တွေ့ဆုံစေခဲ့သည်။
ဟွန်ဆန်၏ ထိုလုပ်ရပ်က သက်ဆင်၏ ပြိုင်ဘက်များအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုအဖြစ် ရှုမြင်ခဲ့ကြသည်။
"ဝန်ကြီးချုပ်ဟောင်း (၂) ယောက် တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေးအကြောင်း မပြောခဲ့ပါဘူး။ (၃၂) နှစ်ကြာ ခင်မင်ရင်းနှီးမှု အမှတ်တရ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရုံပါပဲ"ဟု အသက် (၇၁) နှစ်အရွယ် ဟွန်ဆန်က Facebook ပို့စ်တွင် ရေးသားထားပြီး ဆိုဖာတစ်ခုပေါ်တွင် သက်ဆင်နှင့်အတူထိုင်နေသည့် ဓာတ်ပုံကို တင်ထားခဲ့သည်။
ဟွန်ဆန်၏ လေယာဥ်မှာ ဒွန်မောင်းလေဆိပ်သို့ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁) ရက် နံနက်ပိုင်းတွင် ဆိုက်ရောက်လာခဲ့ပြီးနောက် သက်ဆင်နှင့်တွေ့ဆုံရန် ဘန်ကောက်မြို့ Bang Phlat ခရိုင်ရှိ ၎င်း၏ Ban Chan Song La စံအိမ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အသက် (၇၄) နှစ်အရွယ် သက်ဆင်သည် ၎င်း၏မဟာမိတ် သာဗီဆင်ကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က အတည်ပြုလိုက်သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၂) ရက်နေ့၌ပင် ထိုင်းသို့ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
သက်ဆင်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ (၂၃) ဦးမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဖြင့် သက်ဆင်ကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ထို့နောက် အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားမှုတို့ဖြင့် ထောင်ဒဏ် (၈) နှစ် ချမှတ်ခံထားရသည်။
ထိုင်းသို့ပြန်ရောက်ပြီးနောက် ၎င်းကို ဖမ်းဆီးကာ အကျဥ်းထောင်သို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း ရင်ဘတ်အောင့်မှုကြောင့် ညတွင်းချင်းပင် ဆေးရုံသို့ လွှဲပြောင်းခဲ့သည်။
ဆေးရုံတွင် (၆) လကြာပြီးနောက် ထိုင်းဘုရင်က သက်ဆင်၏ ပြစ်ဒဏ်ကို ထောင်ဒဏ် (၈) နှစ်မှ ထောင်ဒဏ် (၁) နှစ်သို့ လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။
Source: Reuters, Bangkok Post