စစ်မှုထမ်းများ စစ်တပ်က ထွက်ပြီးသော်လည်း အရန်တပ်ဖွဲ့တွင် နောက်ထပ် (၅)နှစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည့် ဥပဒေကို စစ်အာဏာရှင်က အတည်ပြု

စစ်မှုထမ်းများ စစ်တပ်က ထွက်ပြီးသော်လည်း အရန်တပ်ဖွဲ့တွင် နောက်ထပ် (၅)နှစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည့် ဥပဒေကို စစ်အာဏာရှင်က အတည်ပြု
ဖေဖော်ဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

 စစ်မှုထမ်းပြီးပါက နောက်ထပ် (၅)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မလိုက်နာလျှင် ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်နိုင်သည့်  "၂၀၁၀ အရန်တပ်ဖွဲ့ ဥပဒေ"ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အများဆန္ဒမပါဘဲ ၎င်း၏ စိတ်အလိုကျ အတည်ပြု အသက်သွင်းလိုက်ကြောင်း သိရသည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ပုံဖော်ခဲ့သည့် ၂၀၁၀ အရန်တပ်ဖွဲ့ ဥပဒေ ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာတည်သည့်နေ့ရက်သတ်မှတ်ခြင်းအဖြစ် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။

"ဒီနေ့မှာဆိုရင် ကျွန်တော်တို့က အရန်တပ်ဖွဲ့ဥပဒေကို အာဏာတည်စေမှာဖြစ်ပါတယ်။  ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူတူ တစ်နေ့တစ်ရက်တည်း ပြဌာန်းလိုက်တဲ့ဥပဒေဖြစ်ပါတယ်။ ဥပဒေအမှတ် ၂၈/၂၀၁၀ နဲ့ ၂၀၁၀ ပြည့်နေ့ နိုဝင်ဘာလထဲမှာ ပြဌာန်းလိုက်တဲ့ ဥပဒေဖြစ်ပါတယ်။ အဲ့ဒီဥပဒေမှာ အဓိကက စစ်မှုထမ်းတွေနဲ့ စစ်မှုထမ်းဟောင်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ အဓိက အနှစ်ချုပ်ကတော့ တပ်မတော်ကနေပြီးတော့ နှုတ်ထွက်ခွင့်၊ အငြိမ်းစားယူခွင့်ရထားတဲ့ နေ့ကနေစ ပြီး ငါးနှစ်အထိထဲမှာ အကြုံးဝင်တဲ့သူတွေဟာ အရန်အဖြစ် အရန်တပ်ဖွဲ့၌ စစ်မှုထမ်းဆောင်ရန် တာဝန်ရှိပါတယ်။"ဟု စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းက ဖေဖော်ဝါရီလ(၁၃)ရက်နေ့က ပြောဆိုထားသည်။

အရန်တပ်ဖွဲ့ ဥပဒေတွင် "စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက်မှ စ၍ ငါးနှစ်အထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်။" နှင့် "သတင်းပို့ရန် တာဝန်ရှိသူသည် သတ်မှတ်ထားသောနေရာသို့ သတ်မှတ်ထားသော အချိန်အတွင်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ သတင်းပို့ရန် ပျက်ကွက်ကြောင်း တရားရုံးက ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်။"ဟု ထည့်သွင်း ပြဌာန်းထားရှိသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ၂၀၁၀ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းလိုက်ပြီး နောက်ထပ်(၃)ရက်အကြာဖြစ်သည့် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် "ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့" ကို ဖွဲ့စည်းကြောင်း ကြေညာသည့်အပြင် ယခု အရန်တပ်ဖွဲ့ ဥပဒေကိုပါ အသက်သွင်းလိုက်ကြောင်း ကြေညာလာခြင်းလည်း ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ပြည်ပနိုင်ငံများက ကျူးကျော် လာရောက် တိုက်ခိုက်၍ စစ်ရှုံးနေခြင်း မဟုတ်ဘဲ ပြည်တွင်း နိုင်ငံသားအချင်းချင်း တိုက်ခိုက်နေရခြင်းပင်လျှင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ရေးဗျူဟာများကြောင့် ၎င်း၏ တပ်ဖွဲ့ဝင်များ သေဆုံးခြင်း နှင့် ထွက်ပြေးကြခြင်းကြောင့် အင်အားလျော့နည်းလာခြင်းကြောင့် နည်းလမ်းမျိုးစုံဖြင့် အင်အားပြန်လည် ဖြည့်နေခြင်းတာဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်သုံးသပ်သူများက ဆိုထားသည်။