ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ ထောက်လှမ်းရေးလာလုပ်သည့် စစ်ကောင်စီတပ်သား ၅ ဦးကို ဖမ်းမိ

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ ထောက်လှမ်းရေးလာလုပ်သည့် စစ်ကောင်စီတပ်သား ၅ ဦးကို ဖမ်းမိ
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သား (၅)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့က ကျားဖြူတပ်ခွဲ (၁)နှင့် ပူးပေါင်းမဟာမိတ်စစ်ကြောင်းများမှ ချောင်းတောင်မြို့မ ဘုရားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျားဖြူစစ်ကြောင်း တပ်ခွဲ (၂)၊ တပ်ခွဲ(၆)နှင့် နယ်မြေခံပူးပေါင်းစစ်ကြောင်းမှ ကော့ကရိတ်မြို့ အလက(၂)၊ တောင်ပေါ်ရပ်လမ်းဆုံတွင် နယ်မြေရှင်းလင်းရေးပြုလုပ်ရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု သိရသည်။  

ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၃)၊ ဂဠုန်စစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့နယ် (၈)တိုင်နှင့် (၉)တိုင်ကြား၌ နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် လာရောက်ထောက်လှမ်းသော ရဲတပ်ဖွဲ့ဝင်(၂)ဦးနှင့် စကခ(၁၂)မှ စစ်ကောင်စီတပ်သား (၃)ဦးအား ဖမ်းဆီးမိခဲ့သဖြင့် KNDOတပ်ရင်း (၆)သို့ သုံ့ပန်းဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency