လွိုင်ကော်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံလက်နက်ချအလင်းဝင်

လွိုင်ကော်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံလက်နက်ချအလင်းဝင်
နိုဝင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်နီပြည်နယ် လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၅)ဦး ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ထပ်မံ လက်နက်ချ အလင်းဝင်လာကြောင်း KNDF ဗဟိုက သတင်းထုတ်ပြန်သည်။

၁၁.၁၁ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် စစ်ကောင်တပ်သား (၁၅)ဦး လက်နက်ချ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အမြန်ဆုံးလက်နက်ချဘက်ပြောင်းအလင်းဝင်ရန် KNDFက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၃)ရက်နေ့ကလည်း လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ကရင်နီအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခမရ (၄၂၅)တပ်ရင်းမှူးနှင့် ဒုရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အားတစ်ဝက်နီးပါး သေဆုံးခဲ့သည်။

ထို့နောက် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ခမရ (၆)မှ ကျန်ရှိတပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ကောင်းမြတ်ကိုဦးစီးသော စစ်ကောင်စီတပ်သား (၃၂)ဦး လက်နက်ချအညံ့ခံခဲ့ကြပြီး ယင်းတိုက်ပွဲအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၂၈)လက်နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :KNDF