ကောလင်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား (၆၃) ဦးကို ကယ်ထုတ်နိုင်ခဲ့

Photo:  MOHAI
Photo:  MOHAI
ကောလင်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား (၆၃) ဦးကို ကယ်ထုတ်နိုင်ခဲ့
နိုဝင်ဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို သိမ်းပိုက်ရရှိပြီးနောက် နိုင်ငံရေး အကျဉ်းသား(၆၃)ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း NUG ၏ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကောလင်းမြို့မ ရဲစခန်းရှိ အချုပ်၌ မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား(၆၃)ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းအချုပ်ခန်းတွင် အကျဉ်းသား၊ အချုပ်သား စုစုပေါင်း(၉၈) ဦးရှိပြီး ၎င်းတို့ကို စိစစ်၍ နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

 ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့  နံနက်တွင် ယင်းနိုင်ငံရေးအကျဉ်းသားများအား တစ်ဦးလျှင် (၅)သောင်းကျပ်စီ ထောက်ပံ့ပေးခဲ့ပြီး ခရိုင်ကွပ်ကဲရေးမှူး၊ ခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုင်းပြည်သူ့ကာကွယ်ရေးတာဝန်ခံနှင့် ခရိုင်ပြည်သူ့လုံခြုံ ရေးတပ်ဖွဲ့ခေါင်းဆောင်တို့က ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့သည်ဟု ဆိုသည်။

ကျန်ရှိနေသည့် အချုပ်သား၊ အကျဉ်းသားများကိုလည်း စိစစ်၍ တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေ သည်ဟုလည်း သိရသည်။