တပ်ကုန်းမြို့နယ်ရှိ ကုန်ထုတ်စခန်းမှ အကျဉ်းသား ၇ ဦး ထွက်ပြေးလွတ်မြောက်နေ

တပ်ကုန်းမြို့နယ်ရှိ ကုန်ထုတ်စခန်းမှ အကျဉ်းသား ၇ ဦး ထွက်ပြေးလွတ်မြောက်နေ

နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာရွာရှိ ကင်းသာ(၂) ကုန်ထုတ်စခန်းမှ အကျဉ်းသား(၇)ဦး ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထွက်ပြေးသွားသူများမှာ မုဒိန်းမှု၊ လူသတ်မှု၊ မူးယစ်မှုများဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ (၃)ဦးပါဝင်ပြီး လက်ရှိအချိန်ထိ ပြန်မမိသေးဟု ဒေသခံများက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များတွင်လည်း နေပြည်တော်ရှိ တရားရုံးအချို့နှင့် ပြင်ဦးလွင် ခရိုင်တရားရုံး၊ ရမည်းသင်းမြို့နယ် တရားရုံးတို့မှ လူသတ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ (၃)ဦးအပါအဝင် မုဒိန်းမှုနှင့် မူးယစ်ဆေးဝါးမှုများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများ လွတ်မြောက်သွားကြောင်း ရေးသားထားသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ(၃ဝ)ရက်နေ့ကလည်း ထားဝယ်မြို့နယ်၌ အကျဉ်းထောင်ဝန်ထမ်း (၂)ဦးကို လက်ပြန်ကြိုးတုပ် သတ်ပြီးနောက် အကျဉ်းသား(၅)ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး စက်တင်ဘာလ (၂၆)ရက်ကလည်း ရန်ကုန်တိုင်း ဒလမြို့နယ်ရဲစခန်းတွင် ဆေးမှု၊ လုယက်မှုများဖြင့် အကျည်းကျနေသည့် အကျည်းသား(၆)ဦး ခေါင်းမိုးဖောက်ထွက်ပြေးလွတ်မြောက်သည့် ဖြစ်စဉ်ရှိခဲ့သည်။

#TachileikNewsAgency