တရုတ်တွင် စီးပွားရေးနှင့် အလုပ်အကိုင် အလားအလာများ အားနည်းနေချိန် ထီရောင်းအား တစ်ဟုန်ထိုး မြင့်တက်လာ

တရုတ်တွင် စီးပွားရေးနှင့် အလုပ်အကိုင် အလားအလာများ အားနည်းနေချိန် ထီရောင်းအား တစ်ဟုန်ထိုး မြင့်တက်လာ
အောက်တိုဘာ 1, 2023 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံတွင် လူငယ်များ အလုပ်လက်မဲ့ဖြစ်မှု အခြေအနေ အပါအဝင် စိတ်ပျက်ဖွယ်ရာ အချက်အလက်များ ထွက်ပေါ်လာပြီးနောက်ပိုင်း စီးပွားရေးနှင့် ပတ်သက်၍ ပြည်သူလူထုကြား စိုးရိမ် ပူပန်မှုများရှိနေစဥ် ထီကံစမ်းသူ သိသာစွာ ပိုများလာပြီး ထီလက်မှတ်ရောင်းအားများ ထိုးတက်သွားခဲ့သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တရုတ်တစ်နိုင်ငံလုံး ထီလက်မှတ်ရောင်းအားမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လထက် (၅၃.၆) ရာခိုင်နှုန်း မြင့်တက်သွားပြီး ယွမ် (၅၂.၉၆) ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၂၅) သန်း ဖြစ်ကြောင်း အစိုးရသတင်းဌာန Xinhua က ဘဏ္ဍာရေးဝန်ကြီးဌာနကို ကိုးကားပြီး စက်တင်ဘာလ (၃၀) ရက်နေ့တွင် ပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ တရုတ်ထီလက်မှတ် ယွမ် (၃၇၅.၇၆) ဘီလီယံဖိုး ရောင်းချခဲ့ရပြီး ၂၀၂၂ ခုနှစ် အလားတူကာလထက် (၅၁.၆) ရာခိုင်နှုန်း ရောင်းအားမြင့်တက်လာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အချက်အလက်များက ဖော်ပြသည်။ 

တရုတ်နိုင်ငံတွင် ထီလက်မှတ်ရောင်းအားများ တစ်ဟုန်ထိုး မြင့်တက်လာမှုမှာ ကျေနပ်အားရဖွယ်ရာ မရှိသော စီးပွားရေးဆိုင်ရာ အချက်အလက်များ ထွက်ပေါ်လာသည့် လများနှင့် တိုက်ဆိုင်နေသည်။

ထိုအချက်အလက်များအရ အသက် (၁၆) နှစ်နှင့် (၂၄) နှစ်ကြား လူငယ်များ အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ တရုတ်အစိုးရ၏ မူဝါဒချမှတ်သူများထံမှ အထူးအာရုံစိုက်မှုရှိလာခဲ့သည်။ 

တရုတ်နိုင်ငံ၏ လူငယ်များ အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ ၂၀၂၃ ခုနှစ် ဇွန်လတွင် (၂၁.၃) ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရှိရသည်။

စီးပွားရေး စိုးရိမ်ပူပန်မှုများကြား ထီကံစမ်းမှု မြင့်တက်လာခြင်းအပေါ် တရုတ်ဆိုရှယ်မီဒီယာတွင်လည်း ဆွေးနွေးပြောဆိုမှုများ ရှိနေသည်။ 

"လူငယ်တွေက အလုပ်တစ်ခုကနေ ယွမ် (၅) သန်း ဝင်ငွေရတာထက် ယွမ် (၅) သန်း ထီဆုကို ပိုပေါက်ချင်ကြတယ်" ဟု တရုတ်ဆိုရှယ်မီဒီယာ Weibo တွင် လူတစ်ဦးက ရေးထားသည်။ 

"စီးပွားရေး ပိုဆိုးလေ ထီလက်မှတ် ပိုရောင်းလာရလေပဲ" ဟု နောက်တစ်ဦးက Weibo တွင် မှတ်ချက်ပြုထားသည်။

#TachileikNewsAgency

Source: Reuters