လန်ဒန်မြို့တွင် တစ်မိုင်ရှည်လျားသော ဒုတိယ ကမ္ဘာစစ်ကာလ လျှို့ဝှက် ဥမင်ကြီးကို အမေရိကန်ဒေါ်လာ (၂၆၈) သန်း အကုန်အကျခံကာ ခမ်းနားစွာ မွမ်းမံပြင်ဆင်ပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မည့် အခမ်းနားဆုံး မြေအောက် နေရာတစ်ခုအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥမင်ကို ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိန်ထောက်လှမ်းရေး MI6 က သူလျှိုလုပ်ငန်းများအတွက် အသုံးပြုခဲ့ပြီး ဗြိတိန်၏ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအရ တစ်ချိန်က အများပြည်သူ ဝင်ရောက်ခွင့်မရှိဘဲ လျှို့ဝှက်ကာကွယ်ထားခဲ့သည်။
ထိုနေရာကို စင်ကာပူနိုင်ငံမှ Gardens by the Bay ကုမ္ပဏီနှင့် လန်ဒန်အခြေစိုက် Battersea Power Station တို့က ပြန်လည်ပြင်ဆင်ပြီး ခရီးသွားများ လည်ပတ်စရာ မြေအောက် နေရာတစ်ခုအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
လန်ဒန်မြို့ High Holborn လမ်းရှိ Chancery Lane မြေအောက် ရထားဘူတာရုံ၏ အောက်ဘက် (၁၃၁) ပေ (မီတာ ၄၀၀) ရှိ Kingsway Exchange Tunnels လျှို့ဝှက်ဥမင်ကို ၁၉၄၀ ပြည့်လွန် နှစ်များတွင် တူးဖော်ဆောက်လုပ်ခဲ့သည်။
ထိုဥမင်ကို ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမန်တပ်ဖွဲ့များက ဗြိတိန်ကို ဗုံးကြဲတိုက်ခိုက်မှုကနေ လန်ဒန်မြို့သူမြို့သားများ အကာအကွယ်ယူရန်လည်း အသုံးပြုခဲ့သည်။
စစ်အေးခေတ်အတွင်း ၁၉၅၀ ပြည့်လွန် နှစ်များတွင် ထိုဥမင်ကို Kingsway Telephone Exchange အဖြစ် ပြောင်းလဲခဲ့ပြီး ပြည်တွင်းဆက်သွယ်ရေး အိတ်ချိန်းအဖြစ် အသုံးပြုခဲ့သည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်များကို တိုက်ရိုက်ချိတ်ဆက်ပေးသည့် တယ်လီဖုန်းလိုင်းလည်း ထိုဥမင်ထဲတွင်ရှိခဲ့သည်။
Source: CNN, Daily Mail
Photo: DBOX/The London Tunnels,