ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ
စက်တင်ဘာ 18, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ဝမ်ပေါင်ကုမ္ပဏီသို့ ရိက္ခာပို့ယာဉ်တန်းအား လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့ နေ့လယ်ပိုင်းတွင် လက်နက်ငယ်နှင့် ပစ်ခတ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက မုံရွာမြို့ဘက်မှလာသည့် ရိက္ခာတင်ကား(၆)စီးသည် ညောင်ပင်ကြီးစခန်းတွင်းသို့ ရောက်ရှိလာပြီးနောက် ယင်းကားများဖြင့် ဝမ်ပေါင်ကုမ္ပဏီသို့ ရိက္ခာများထပ်မံသယ်ဆောင်ရာ ဝမ်ပေါင်မှ ညောင်ပင်ကြီးရဲစခန်းအထိ စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။

ယင်းသို့သယ်ယူနေစဥ် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ငယ်နှင့် ပစ်ခတ်မှုကြောင့် ရဲစခန်းအနီး နေထိုင်သူ အမျိုးသားတစ်ဦး လက်မောင်းတွင် ကျည်ထိမှန်ဒဏ်ရာရှိခဲ့‌ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် ဝမ်ပေါင်နှင့် ညောင်ပင်ကြီးရဲစခန်းတွင် လုံခြုံရေးယူထားဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency