မုန်းမြို့နယ်ရှိ သစ်ချဆိပ် စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်

မုန်းမြို့နယ်ရှိ သစ်ချဆိပ် စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်

ပဲခူးတိုင်း မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ သစ်ချဆိပ် စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းစစ်ကောင်စီတပ်စခန်းကို တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)တပ်ရင်း (၃)တို့ ပူးပေါင်းထားသော တပ်မဟာဌာနချုပ် စစ်ကြောင်းနှင့် လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့က တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ (၁) ရက်နေ့ ညနေပိုင်းတွင် စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

သစ်ချဆိပ်စခန်းအတွင်း စစ်ကောင်စီတပ်များဖြစ်သော ခလရ(၄၃၉)၊ ခလရ(၆၀)၊ ခမရ(၃၅၀)နှင့် ခမရ(၃၅၁)တို့ တပ်စွဲထားပြီး ဝင်ရောက်သိမ်းပိုက်စဉ်တွင် စစ်ကောင်စီတပ်သား (၁၅)ဦး သေဆုံးခဲ့သည်ဟု သိရသည်။ 

၎င်းတို့ထံမှ ကွန်မန်ဒိုပြောင်း (၂)လက်၊ စက်လတ် (၁)လက်နှင့် လက်နက်ငယ် စုစုပေါင်း (၁၉)လက်ကို သိမ်းဆည်းရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှာ (၂)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။ 

စခန်းအား တိုက်ခိုက်စဉ် စစ်ကောင်စီတပ်စခန်းအတွင်းမှသာမက ကညွတ်ကွင်းရှိ ခလရ(၄၃၉)မှ (၁၂၂)မမ၊ (၁၅၅)မမ လက်နက် ကြီးများဖြင့် ပစ်ကူခြင်း၊ ကျောက်ကြီး သံဘိုရှိ ခလရ(၆၀)မှ (၁၂၀)မမ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းအပြင် လေကြောင်းပစ်ကူများလည်း အသုံးပြုခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻