ပါကစ္စတန်နိုင်ငံ ကရာချိမြို့၏ ယာဥ်ကြော အလွန်ရှုပ်ထွေးသည့် နေရာတွင် ခြင်္သေ့လွတ်သွား၍ ကြောက်လန့်တကြား ဖြစ်ကြရ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့၏ ယာဥ်ကြော အလွန်ရှုပ်ထွေးသည့် နေရာတွင် ခြင်္သေ့လွတ်သွား၍ ကြောက်လန့်တကြား ဖြစ်ကြရ
သြဂုတ် 31, 2023 | နိုင်ငံတကာသတင်း
By Mr John

 ပါကစ္စတန်နိုင်ငံ ကရာချိမြို့၏ ယာဥ်အသွားအလာ အလွန်များပြား ရှုပ်ထွေးနေသည့် နေရာတစ်ခု၌ ခြင်္သေ့တစ်ကောင် လွတ်သွားခဲ့ရာ ပြန်မဖမ်းနိုင်မီအထိ (၂) နာရီကြာ လူအများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 ပိုင်ရှင်ဖြစ်သူက ၎င်း၏ ခြင်္သေ့ကို  ဩဂုတ်လ (၂၈) ရက်နေ့တွင် သယ်ယူပို့ဆောင်စဥ် ကရာချိမြို့၏ ယာဥ်အသွားအလာ အများဆုံးအချိန်၌ လွတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တောရိုင်းတိရိစ္ဆာန်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများက ခြင်္သေ့လွတ်သွားသည့် နေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြပြီး နောက်ဆုံးတွင် ခြင်္သေ့ကို ပြန်ဖမ်းမိခဲ့ကြကြောင်းနှင့် မည်သူမျှ အန္တရာယ်မရှိတော့ကြောင်း တောရိုင်းတိရိစ္ဆာန် စစ်ဆေးရေးမှူး Mukhtyar Soomro က Reuters သတင်းဌာနကို ပြောခဲ့သည်။ 

ယာဥ်တစ်စီးပေါ်ကနေ လွတ်မြောက်သွားသည့် ခြင်္သေ့က လမ်းပေါ်တွင် အချိန်အတန်ကြာ လှည့်လည်သွားလာနေခဲ့ပြီးနောက် အနီးအနားရှိ အဆောက်အအုံတစ်ခု၏ မြေအောက်ထပ်သို့ ဝင်ရောက်သွားခဲ့သည်။

ခြင်္သေ့လွတ်သွားသည့် နေရာမှာ ကရာချိမြို့တွင် ယာဥ်ကြောပိတ်ဆို့မှု အကြီးအကျယ် ကြုံရလေ့ရှိသော ယာဥ်အသွားအလာ အလွန်များပြား ရှုပ်ထွေးသည့် နေရာဖြစ်ကြောင်း သိရသည်။ 

ယခုဖြစ်ရပ်အပြီးတွင် ခြင်္သေ့ပိုင်ရှင်ကို ထိန်းသိမ်းခဲ့ပြီး အမှုဖွင့်ထားကြောင်း ရဲအရာရှိ Shiraz Nazir က ထုတ်ပြန်ချက်တွင် ပြောထားသည်။

 

Source: Reuters