စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၀)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦးကို ကာကွယ်ရေးတပ်များဘက်က ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု Union Liberation Front – ULFတပ်ဖွဲ့ထံမှ သိရသည်။
ကနီမြို့ နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်၏ အင်အား(၂၅)ဦးပါ ရှေ့ ပြေးစစ်ကြောင်းနှင့် ULF တပ်ပေါင်းစုတို့အကြား နွားခြံကုန်းတောပြင်သို့အရောက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တပ်စိတ်မှူး ထွန်းဝင်းဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“လောလောဆယ် ဆေးကုပေးနေတယ်ဗျ။ ပြီးရင်တော့ သုံ့ပန်းဥပဒေအတိုင်းဆောင်ရွက်မယ်ဗျ။ MODက ချမှတ်ထားတဲ့ ဥပဒေအတိုင်း အဖွဲ့ကပဲ အရေးယူဆောင်ရွက်ပါမယ်။”ဟု Union Liberation Front–ULFတပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က Tachileik News Agencyကို ယနေ့ ဩဂုတ်လ (၂၂)ရက်နေ့တွင် ပြောသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား တပ်စိတ်မှူးထွန်းဝင်းထံမှ (၄၀)မမ ဗုံးသီး(၂)လုံး၊ ကျည်(၂၅၀)နှင့် ကျည်ဘောက်(၂)ခုတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ULF(တပ်ပေါင်းစု)မှ ရဲဘော်များ အထိအခိုက်မရှိဟု ဆိုသည်။
“သူတို့ပြန်ဆုတ်သွားတဲ့အချိန်မှာ သွေးကွက်တွေအများကြီးတွေ့တယ်ဗျ။ ထိတွေ့တိုက်ပွဲအပြီး တပ်ပြန်ဆုတ်သွားပြီဗျ။ လက်နက်တွေကတော့ နောက်မှာပါလာတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်ကောက်တယ်လို့သိရတယ်ဗျ။”ဟု ၎င်းကဆက်ပြောသည်။
အဆိုပါစစ်ကောင်စီတပ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကဖြစ်ပြီး ဩဂုတ်လ(၆)ရက်နေ့ကစ၍ ယင်းမာပင်မြို့နယ်သို့ စစ်ကြောင်းထိုးလာရာက ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာသို့ ရောက်ရှိလာပြီးနောက် ယင်းကျေးရွာအတွင်း တပ်စွဲနေသည်မှာ (၃)ရက်ကြာရှိပြီဖြစ်သည်ဟု သိရသည်။
“အဲဒီနေ့ကစပြီး ဒီနေ့အထိ ထိတွေ့တိုက်ပွဲတွေများစွာရှိခဲ့ပါတယ်။ သူတို့ပြန်တက်လာရင်တော့ တိုက်ပွဲပြန်ဖြစ်နိုင်တယ်။ ဒေသခံတွေကိုတော့ စစ်ရေးသတင်းတွေကို နားစွင့်ပြီးတော့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကိုလည်း လိုက်နာကြဖို့ ပြောကြားချင်ပါတယ်။”ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုကို Comradeစစ်ကြောင်း၊ KLGစစ်ကြောင်းနှင့် Alphaစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency