ဘာဘီရုပ်ရှင် အောင်မြင်ကျော်ကြားမှုနှင့်အတူ ပန်းရောင် အခေါင်းများပါ ရောင်းကောင်းလာ

ဘာဘီရုပ်ရှင် အောင်မြင်ကျော်ကြားမှုနှင့်အတူ ပန်းရောင် အခေါင်းများပါ ရောင်းကောင်းလာ
By Mr John

 ကမ္ဘာတဝန်း ဘာဘီ (Barbie) ရုပ်ရှင် အောင်မြင်ကျော်ကြားနေမှုနှင့် ဘာဘီ၏ ကိုယ်စားပြုအရောင်ဖြစ်သည့် ပန်းရောင်ကိုလည်း နေရာတကာတွင် အသုံးပြုလာကြပြီး ယခုအခါ နာရေးအခမ်းအနား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ၌ပင် ပန်းရောင်က လွှမ်းမိုးလာခဲ့သည်ဟု ဆိုသည်။

 ဗြိတိန်သတင်းဌာန Jam Press ၏ အဆိုအရ နာရေးအခမ်းအနား ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများက ဘာဘီအရုပ်ကို ချစ်မြတ်နိုးသည့် ဘာဘီပရိသတ်များအတွက်  ပန်းရောင် အခေါင်းများ စီစဥ်ပေးထားခြင်းဖြစ်ကြောင်း  ဩဂုတ်လ (၂) ရက်နေ့ NY Post သတင်းက ဖော်ပြသည်။

တောက်ပသည့် ပန်းရောင်ဆေးသုတ်ထားသော အခေါင်းက ကွယ်လွန်သူတို့၏ ရှင်သန်နေထိုင်ခဲ့သော မမေ့နိုင်စရာ အခိုက်အတန့်များကို ကိုယ်စားပြုသည်ဟု ထင်ရှားပေါ်လွင်နေသော ပန်းရောင်အခေါင်း ပရိုမိုးရှင်း ဗီဒီယိုတစ်ခုတွင် ပြောထားသည်။

မက္ကစီကိုနိုင်ငံရှိ Olivares Funeral Home နာရေးအခမ်းအနား ဝန်ဆောင်မှုကုမ္ပဏီက "Barbie House" ခေါ် ပန်းရောင် အခေါင်းများကို ပရိုမိုးရှင်းလုပ်နေပြီး ၎င်း၏ ဆောင်ပုဒ်မှာ "ဒါဆို ဘာဘီလို သင် အနားယူနိုင်ပြီ" ဟူ၍ ဖြစ်သည်။ 

မက္ကစီကို၊ အယ်လ်ဆာဗေဒိုနှင့် လက်တင်အမေရိကတဝန်းရှိ နာရေးအခမ်းအနား ဝန်ဆောင်မှုလုပ်ငန်းများက ပန်းရောင် ဘာဘီအခေါင်းများ စီစဥ်ပေးနေသည်ဟု ဆိုသည်။ 

အယ်လ်ဆာဗေဒိုနိုင်ငံ Ahuachapán မြို့ရှိ Alpha and Omega Funeral Home နာရေးကုမ္ပဏီကမူ လွန်ခဲ့သည့် (၁) နှစ်ခန့်တွင် ပန်းရောင်အခေါင်းများကို စတင်ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

ဘာဘီရုပ်ရှင် ရုံတင်ပြသချိန်တွင် တောက်ပသည့် ပန်းရောင်ကို စိတ်ဝင်စားလာကြကြောင်းနှင့် ပန်းရောင် အခေါင်းကို (၃၀) ရာခိုင်နှုန်း လျှော့ဈေးဖြင့် ပရိုမိုးရှင်း စီစဥ်ပေးခဲ့ကြောင်း နာရေးအခမ်းအနား စီစဥ်ပေးသူ Issac Villegas က Jam Press ကို ပြောသည်။ 

"ဘာဘီအရောင်က ခေတ်စားလာပြီး လူတွေ ဆက်သွယ်မေးမြန်းလာကြတာကြောင့် ပန်းရောင် အခေါင်းကို ပရိုမိုးရှင်းလုပ်ချင်လာခဲ့တယ်။ ဆက်သွယ်မေးမြန်းသူ (၄၀) မှာ အနည်းဆုံး (၁၀) ယောက်နဲ့ စာချုပ်ချုပ်ထားပြီးပါပြီ။ ပစ္စည်းတောင်ပြတ်သွားတယ်" ဟု Villegas က ဆိုသည်။

 

Source: NY Post, Independent