မြန်မာနိုင်ငံသား (၁၁၄) ဦးကို နေရပ်ပြန်ပို့ရန် ဆိုင်းငံ့ထားမှုအား မလေးရှားတရားရုံးက ရုပ်သိမ်း

မြန်မာနိုင်ငံသား (၁၁၄) ဦးကို နေရပ်ပြန်ပို့ရန် ဆိုင်းငံ့ထားမှုအား မလေးရှားတရားရုံးက ရုပ်သိမ်း
ဒီဇင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံသား (၁၁၄) ဦးကို နေရပ်ပြန်ပို့ရန် ဆိုင်းငံ့ထားမှုအား မလေးရှားနိုင်ငံ တရားရုံးတစ်ရုံးက ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ရုပ်သိမ်းလိုက်ရာ ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်မှုများရှိနေသည့် ပဋိပက္ခဖြစ်ပွားနေသော မွေးရပ်မြေသို့ ပြန်ပို့မည်ကို လူ့အခွင့်အရေးအုပ်စုများကြား စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။ 

မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန်ကိစ္စ ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစိုးရထံမှ တောင်းဆိုမှုကို တရားရုံးက ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

တရားရုံးက ခွင့်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံသား (၁၁၄) ဦးကို နေရပ်သို့ ချက်ချင်း ပြန်ပို့သွားရန်ရှိ မရှိ အတိအကျ မသိရသေးဟု ဆိုသည်။ 

"မလေးရှားအစိုးရ အနေဖြင့် ၎င်း၏ အစီအစဥ်ကို ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့ အလေးအနက် တိုက်တွန်းပါသည်" ဟု Amnesty International Malaysia နှင့် Asylum Access တို့က ပူးတွဲထုတ်ပြန်ချက်တွင် ပြောထားသည်။

"လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေကို လေးစားရန်နှင့် အကြမ်းဖက်မှုနှင့် အန္တရာယ်ရှိသည့် အခြေအနေတစ်ခုသို့ လူများကို ပြန်ပို့ရန် ဆုံးဖြတ်ချက်မှန်သမျှကို ရပ်ဆိုင်းရန် ကျွန်ုပ်တို့၏ ခေါင်းဆောင်များကို ကျွန်ုပ်တို့ ဆက်လက်တောင်းဆိုပါသည်" ဟု လည်း လူ့အခွင့်အရေးအုပ်စုများက ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံသား (၁၁၄) ဦးမှာ လူဝင်မှုကြီကြပ်ရေးဌာန၏ ထိန်းသိမ်းရေးစခန်းများတွင် ရှိနေကြသည်။

၎င်းတို့အနက် ကလေးများနှင့် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းနေသည်ဟု ယူဆရသူများ ပါဝင်ကြောင်း Amnesty International Malaysia ၏ အမှုဆောင်ညွှန်ကြားရေးမှူး Katrina Maliamauv က Reuters သတင်းဌာနကို ပြောသည်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းရေးစခန်းများတွင်ရှိနေသည့် မြန်မာနိုင်ငံသားများကို တွေ့ခွင့်မရဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် Reuters ၏ မေးမြန်းမှုကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ချက်ချင်း မတုံ့ပြန်ခဲ့ဟု သိရသည်။ 

ယခင်ကမူ နေရပ်ပြန်ပို့ခံရသူများမှာ လူဝင်မှုကြီးကြပ်ရေး ပြစ်မှုများဖြင့် ထိန်းသိမ်းခံရသူများဖြစ်ကြောင်း ထိုဌာနက ပြောခဲ့သည်။ 

မလေးရှားနိုင်ငံက ဒုက္ခသည်များကို တရားဝင် အသိအမှတ်ပြုခြင်းမရှိဘဲ ၎င်းတို့ကို အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအဖြစ်သာ သတ်မှတ်ဆက်ဆံနေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိမှုကို လက်မခံနိုင်သည့် စစ်အုပ်စုက ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အကြောင်းပြကာ ဥပဒေမဲ့ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ 

ထိုအချိန်မှစပြီး စစ်တပ်အာဏာသိမ်းမှုကို မြန်မာပြည်သူလူထုက အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှ နောက်ဆုံးတွင် လက်နက်ကိုင်တော်လှန်မှုများ  နိုင်ငံတတန်း အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာခဲ့သည်။

မလေးရှားအစိုးရက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်တပ်၏ အကြမ်းဖက်မှုများကို အကြိမ်ကြိမ် ရှုတ်ချခဲ့သော်လည်း နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းနေသူများ အပါအဝင် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့နေခြင်းကို ရပ်တန့်ခဲ့ခြင်းမရှိပေ။

 မလေးရှားအစိုးရက ရေတပ်အရာရှိဟောင်းအချို့ အပါအဝင် မြန်မာနိုင်ငံသား (၁၅၀) ကို အောက်တိုဘာလအတွင်းက နေရပ်ပြန်ပို့ခဲ့သေးသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မလေးရှားအစိုးရ မြန်မာနိုင်ငံသား (၁,၀၈၆) ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ နေရပ်ပြန်ပို့မှုများမှာ ဒုက္ခသည်များ သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းသူများကို အတင်းအကျပ် နေရပ်ပြန်ပို့ခံရမှုကနေ အကာအကွယ်ပေးထားသည့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ပြောထားပြီး မြန်မာဒုက္ခသည်များကို နေရပ်သို့ အတင်းအကျပ် ပြန်ပို့နေမှု ရပ်ဆိုင်းရန် အောက်တိုဘာလအတွင်းက မလေးရှားနိုင်ငံကို တိုက်တွန်းခဲ့သည်။

Source: Reuters