မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်းကာ ရိုးမအတွင်းမှ မီးသွေးထုတ်နေသည့် ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရပြီး ကားလည်းမီးရှို့ခံရ

မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်းကာ ရိုးမအတွင်းမှ မီးသွေးထုတ်နေသည့် ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရပြီး ကားလည်းမီးရှို့ခံရ

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်းကာ ပဲခူးရိုးမအတွင်းမှ မီးသွေးများ ထုတ်ယူနေသည့် ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရပြီး ကားလည်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။

မင်းလှမြို့နယ် စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်အနီးတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ရိုးမအတွင်းမှ မီးသွေးများ ခိုးထုတ်လာသည့် ဖောကားတစ်စီးအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့က ဖမ်းဆီး၍ မီးရှို့ဖျက်ဆီးကာ ကားပေါ်ပါသည့် ပျူစောထီးနှစ်ဦးအား ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၅)ထံမှ သိရသည်။

၎င်းပျူစောထီးနှစ်ဦးသည် ခလရ(၁)တပ်မှ တပ်ကြပ်ကြီး ခင်မောင်ကြည်၏ တပည့်များဖြစ်ပြီး စစ်ကောင်စီတပ်များအား ရိုးမပေါ် သွားလာရေးအတွက် ကားဖြင့် ကြိုပို့လုပ်ဆောင်ပေးနေသည့်အပြင် ရိုးမအတွင်းမှ PDFစခန်းနေရာများကို ရှာဖွေရာတွင် လိုက်ပါသူများဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြည်သူကိုကာကွယ်ရန်နှင့် စစ်အုပ်စုကို အမြစ်ဖြတ်တိုက်ခိုက်ရန်သာမက ပဲခူးရိုးမကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် ကနဦးသတိပေးချက် ထုတ်ပြန်ပြီးမှသာ ယခုစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ဇူလိုင်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency