ထိုင်းနိုင်ငံတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် လွှတ်တော် (၂) ရပ်လုံး ပါဝင်သည့် ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မှုကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့၏ နံနက် (၉) နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌ Wan Muhamad Noor Matha က ပြောသည်။
အထက်လွှတ်တော်ဥက္ကဌ Pornpetch Wichitcholchai နှင့် ညှိနှိုင်းတိုင်ပင်၍ ဝန်ကြီးချုပ်သစ် မဲပေး ရွေးချယ်မည့်ရက်ကို သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိုင်းလွှတ်တော်၏ အထက်လွှတ်တော် အမတ် (၂၅၀) နှင့် အောက်လွှတ်တော် အမတ် (၅၀၀) တို့က ဝန်ကြီးချုပ်သစ်ကို မဲပေးရွေးချယ်ကြမည် ဖြစ်သည်။
ဇူလိုင်လ (၁၃) ရက်နေ့တွင် ပြုလုပ်မည့် ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မှုမှာ ချက်ချင်း ပြီးမြောက်နိုင်သလို မပြီးမြောက်ဘဲ ဖြစ်နိုင်ကြောင်းလည်း လွှတ်တော်ဥက္ကဌ Wan က ဆိုသည်။
ဝန်ကြီးချုပ်သစ်ဖြစ်ရန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် လွှတ်တော် (၂) ရပ်ပေါင်း ထောက်ခံမဲ (၃၇၆) မဲ ရရှိရန် လိုအပ်သည်။
အကယ်၍ ဇူလိုင်လ (၁၃) ရက်နေ့ မဲပေးရွေးချယ်ရာတွင် ပြတ်သားသည့် ရလဒ် မထွက်ပေါ်လာပါက နောက်တစ်ကြိမ် မဲပေးရွေးချယ်မှုကို ပြုလုပ်သွားရမည် ဖြစ်သည်။
၂၀၂၃ ခုနှစ် ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် Move Forward Party (MFP) ပါတီ၏ ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ထောက်ခံနိုင်ကြောင်း၊ ထိုသို့ မဟုတ်ပါက ဝန်ကြီးချုပ်သစ်ကို တစ်နည်းနည်းဖြင့် ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌ Wan က ပြောသည်။
MFP ပါတီမှာ မေလ (၂၃) ရက်နေ့ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ်နေရာ အများဆုံးဖြင့် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ရန် ပထမဆုံး ကြိုးစားပိုင်ခွင့်ရှိသည်။
MFP ပါတီက ပါတီ (၈) ခု ပါဝင်သော ညွန်ပေါင်းအုပ်စုကို ဦးဆောင်ဖွဲ့စည်းထားရာ Pita အနေဖြင့် ထိုပါတီများ၏ လွှတ်တော်အမတ် (၃၁၂) ဦးထံမှ ထောက်ခံမဲကို ရရှိနိုင်မည် ဖြစ်သည်။
ဝန်ကြီးချုပ်ဖြစ်ရန် လွှတ်တော် (၂) ရပ်ပေါင်း အနည်းဆုံး ထောက်ခံမဲ (၃၇၆) မဲ ရရှိရန် လိုအပ်ရာ Pita အတွက် နောက်ထပ် လွှတ်တော်အမတ် (၆၄) ၏ ထောက်ခံမဲကို လိုအပ်နေသည်။
ထိုင်းရွေးကောက်ပွဲအနိုင်ရ MFP ပါတီနှင့် အောက်လွှတ်တော်အမတ်နေရာ ဒုတိယအများဆုံးဖြင့် အနိုင်ရခဲ့သည့် Pheu Thai ပါတီတို့ကြား ဆွေးနွေးညှိနှိုင်းမှုများအရ လွှတ်တော်ဥက္ကဌနေရာကို ညွန့်ပေါင်းအဖွဲ့ဝင် Prachachat ပါတီ၏ ခေါင်းဆောင် Wan ကို လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ပြီး ဒုတိယဥက္ကဌ နေရာ (၂) ခုကို MFP နှင့် Pheu Thai တို့က ရယူခဲ့ကြသည်။
#TachileikNewsAgency
Source: Bangkok Post