ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရာစုနှစ်တစ်ဝက်အတွင်း အရှည်ကြာဆုံး အပူလှိုင်းကျရောက်မှုကို ကြုံနေရမှုကြောင့် ထောင်နှင့်ချီသည့် စာသင်ကျောင်းများကို ပိတ်ထားရပြီး နေရာအတော်များများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမြို့တွင် အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်ဝန်းကျင်သို့ မြင့်တက်ခဲ့ပြီး ဆင်းရဲသားများမှာ ပူပြင်းတောက်လောက်နေသည့် နေအပူရှိန်အောက်တွင် အလုပ်လုပ်ကိုင်နေခဲ့ကြရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၇၁ ခုနှစ်နောက်ပိုင်း ယခုကဲ့သို့ ရှည်ကြာသည့် အပူလှိုင်းမျိုး မကြုံခဲ့ဖူးကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ အကြီးတန်းအရာရှိ Bazlur Rashid က ပြောသည်။
အပူချိန်ကြောင့် အစိုးရက ထောင်နှင့်ချီသည့် မူလတန်ကျောင်းများကို ပိတ်ထားစေပြီး အပူဒဏ်သက်သာစေရန် နိုင်ငံတဝန်း လေအေးပေးစက်နှင့် ပန်ကာ အသုံးပြုမှုများ တစ်ဟုန်ထိုး မြင့်တက်နေသည့်တိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို သိသိသာသာ လျှော့ချခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ကျောက်မီးသွေးဝယ်ရန် မတတ်နိုင်သောကြောင့် ဇွန်လ (၅) ရက်နေ့တွင် နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်အားထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
အခြား စက်ရုံများတွင်လည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီသည်အထိ ထုတ်လုပ်နိုင်ခြင်းမရှိရာ နာရီနှင့်ချီကြာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။
ဘင်္ဂလားဒေ့ရှ်တွင် ဧပြီလအတွင်း အပူလှိုင်း စတင်ခဲ့ရာမှ မေလအစောပိုင်းအထိ ဆက်လက် ဖြစ်ပေါ်နေခဲ့ပြီးနောက် အပူလှိုင်းပြင်းထန်မှု လျော့ကျသွားခဲ့သော်လည်း မေလကုန်ပိုင်းတွင် အပူလှိုင်းပြင်းထန်မှု ပြန်ဖြစ်လာခဲ့သည်။
ယခု သီတင်းပတ်ကုန်အထိ အပူချိန်များ ဆက်လက် မြင့်တက်နေနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။
"ဘင်္ဂလားဒေ့ရှ်မှာ နွေရာသီဆိုရင် အပူလှိုင်းက ကြုံနေကြပဲ။ ဒါပေမဲ့ ဒီနှစ် အပူလှိုင်းကတော့ ပုံမှန် မဟုတ်ဘူး။ အရင် အပူလှိုင်းတွေက ရက်အနည်းငယ် သို့မဟုတ် တစ်ပတ်ကြာ ဖြစ်ပေါ်နေလေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာကတော့ အပူလှိုင်းက နှစ်ပတ်နဲ့ အဲဒီထက်ပိုပြီး ဆက်ရှည်ကြာနေတယ်" ဟု Rashid က AFP သတင်းဌာနကို ပြောခဲ့သည်။
၂၀၂၃ခုနှစ် ဇွန်လ (၃) ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းရှိ Dinajpur မြို့တွင် အပူချိန် (၄၁.၃) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ရာ ၁၉၅၈ ခုနှစ်နောက်ပိုင်း ထိုမြို့၏ အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့သည်။
ပြီးခဲ့သည့်လအတွင်း World Weather Attribution က လေ့လာတွေ့ရှိမှုအရ ရာသီဥတုပြောင်းလဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်အပြင် အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် လူသေဆုံးစေနိုင်သည့် စံချိန်တင် အပူလှိုင်းများကို ကြုံတွေ့နိုင်ခြေ အနည်းဆုံး အဆ (၃၀) ပိုများကြောင်း သိရသည်။
Source: AFP