ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ် ခလရ(၉၇)တပ်ရင်းကို (၆၀)မမဖြင့် ပူးပေါင်းတပ်များပစ်ခတ်

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ် ခလရ(၉၇)တပ်ရင်းကို (၆၀)မမဖြင့် ပူးပေါင်းတပ်များပစ်ခတ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ် ခလရ(၉၇) တပ်ရင်းကို ၂၀၂၃ခုနှစ် ဇွန်လ(၂၉)ရက်နေ့တွင် KNLA ပူးပေါင်းတပ်များက (၆၀)မမဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အရပ်သားများနေထိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများကို နေ့စဉ် လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် စစ်ကောင်စီတပ် ခလရ(၉၇)တပ်ရင်းကို ဗိုလ်ပွဲတော် ဦးဆောင်၍ ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ရင်းရုံး ကာကွယ်ရေးတပ်ခွဲ(Southern Eagle PDF)၊ ကျားဖြူတပ်ခွဲ (၄)၊ ကျားဖြူတပ်ခွဲ (၅) (Justice Soldier PDF) တို့မှ ပူးပေါင်းပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကြောင်း ကျားဖြူစစ်ကြောင်းက ယနေ့ဇွန်လ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၎င်းစစ်ကောင်စီတပ်သည် ဇွန်လ (၂၂)ရက်နေ့ကလည်း လက်နက်ကြီးများဖြင့် အရပ်သားများနေထိုင်ရာ ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ရာ ကော့ကရိတ် မြောက်ပိုင်း၊ ကြောင်သျှာကုန်းကျေးရွာမှ အိမ်များ ထိမှန်ပျက်စီးခဲ့ရသေးသည်။

အာဏာသိမ်းပြီးအချိန်မှစ၍ ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်း နေရာအနှံ့အပြားတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဥ်နီးပါး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

#TachileikNewsAgency

Video : Albino Tiger Column