နေ့ချင်းညချင်း အနည်းဆုံး အသက် (၁) နှစ် ပိုငယ်သွားခဲ့ကြသည့် တောင်ကိုရီးယားနိုင်ငံသားများ

နေ့ချင်းညချင်း အနည်းဆုံး အသက် (၁) နှစ် ပိုငယ်သွားခဲ့ကြသည့် တောင်ကိုရီးယားနိုင်ငံသားများ
By Mr John

 ၂၀၂၃ခုနှစ် ဇွန်လ (၂၈) ရက်နေ့တွင် စတင်သက်ရောက်သည့် ဥပဒေအရ တောင်ကိုရီးယားတွင် ကမ္ဘာ့နိုင်ငံအများစုက လက်ခံကျင့်သုံးနေသော နိုင်ငံတကာ အသက် သတ်မှတ်မှု စနစ်ကို စတင်ကျင့်သုံးသွားတော့မည်ဖြစ်၍ ဇွန်လ (၂၈) ရက်နေ့ နံနက် နိုးထလာချိန်တွင် အနည်းဆုံး အသက် (၁) နှစ် သို့မဟုတ် (၂) နှစ် ပိုငယ်သွားကြသည်ဟု ဆိုသည်။ 



ထိုဥပဒေ သက်ရောက်ပြီဖြစ်သည့် အတွက် ယခင် တောင်ကိုရီးယားတွင် အစဥ်အဆက် ကျင့်သုံးလာခဲ့သော "ကိုရီးယားအသက်" "Korean age" နှင့် "ပြက္ခဒိန်အသက်" "calendar age" ဖြင့် အသက်တွက်ချက်မှုစနစ်ကို အဆုံးသတ်လိုက်ကြောင်း သိရသည်။ 

တောင်ကိုရီးယား၏ ယခင် အသက်တွက်ချက်ပုံအရ ၎င်း၏ နိုင်ငံသားများမှာ နိုင်ငံတကာအသက်တွက်ချက်ပုံထက် အသက် (၁) နှစ် သို့မဟုတ် (၂) နှစ် ပိုကြီးနေခဲ့ကြဖြစ်၍ ယခုအခါတွင်  ဇွန်လ (၂၈) ရက်နေ့ နံနက်ပိုင်းကစပြီး  အနည်းဆုံး အသက် (၁) နှစ် သို့မဟုတ် (၂) နှစ် ပိုငယ်သွားကြသည်ဟု ဆိုသည်။ 

အသက်တွက်ချက်မှုစနစ်ကို နိုင်ငံတကာစံနှုန်းအတိုင်း စံသတ်မှတ်လိုက်ခြင်းက လူမှုဆိုင်ရာ အရှုပ်အထွေးများနှင့် အငြင်းပွားမှုများကို လျော့ကျသွားစေမည်ဟု တောင်ကိုရီးယား၏ အစိုးရဥပဒေပြုရေး ဝန်ကြီးဌာန ဝန်ကြီး Lee Wan-kyu က ဇွန်လ (၂၆) ရက်နေ့တွင် ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

အသက်တွက်ချက်မှုစနစ် ပြောင်းလဲကျင့်သုံးမည့် ဥပဒေကို တောင်ကိုရီးယားလွှတ်တော်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားတွင် ယခင်က အသက်တွက်ချက်မှုစနစ် (၃) မျိုး ရောထွေး ကျင့်သုံးလာခဲ့ကြပြီး ရှုပ်ထွေးမှုများရှိခဲ့သည်။ 

နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အသက်တွက်ချက်မှုစနစ်အရ လူတစ်ဦး မွေးဖွားချိန်မှ စ၍ (၁) နှစ်ပြည့်ချိန်တွင် ၎င်းကို အသက် (၁) နှစ်ဟု သတ်မှတ်ခြင်းဖြစ်သော်လည်း "ကိုရီးယားအသက်" ဟု ခေါ်ဝေါ်ကြသည့် တောင်ကိုရီးယား၏ အသက်တွက်ချက်မှုပုံစံအရ မိခင်၏ ဝမ်းဗိုက်အတွင်း ကိုယ်ဝန်‌ဆောင်ချိန်ကိုပါ ထည့်တွက်၍ လူတစ်ဦးကို မွေးဖွားလာသည်နှင့် အသက် (၁) နှစ်ဟု သတ်မှတ်ထားခဲ့သည်။

ထိုသို့ တွက်ချက်မှုစနစ်အရ တောင်ကိုရီးယားနိုင်ငံသားများ၏ "ကိုရီးယားအသက်" မှာ ၎င်းတို့၏ နိုင်ငံတကာအသက်ထက် (၁) နှစ် သို့မဟုတ် (၂) နှစ်အထိပင် ပိုကြီးနေလေ့ရှိသည်။ 

ဥပမာအားဖြင့် "Gangnam Style" အဆိုတော် Psy မှာ ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် မွေးဖွားခဲ့ရာ ၎င်း၏အသက်ကို နိုင်ငံတကာ အသက်တွက်ချက်မှုအရ (၄၅) နှစ်ကျော်ဟု သတ်မှတ်သည်။

 သို့သော် တောင်ကိုရီးယားတွင် ကျင့်သုံးလာခဲ့သည့် "ပြက္ခဒိန်အသက်" အရမူ Psy မှာ (၄၆) နှစ်ဖြစ်ပြီး "ကိုရီးယားအသက်" အရ ၎င်းမှာ အသက် (၄၇) နှစ်ရှိပြီ ဖြစ်သည်။

ထိုသို့ ရှုပ်ထွေးမှုများကို ယခု စတင်သက်ရောက်ပြီဖြစ်သည့် ဥပဒေက ဖြေရှင်းသွားလိမ့်မည်ဟု တောင်ကိုရီးယားအစိုးရက ယူဆထားသည်။ 

အစိုးရဥပဒေပြုရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည့် လူထုသဘောထား စစ်တမ်းတစ်ခုတွင် ပါဝင်ဖြေဆိုသူ (၈၆.၂) ရာခိုင်နှုန်းကလည်း နိုင်ငံတကာ အသက်တွက်ချက်မှုစနစ်ကို အသုံးပြုသွားမည်ဟု ဖြေဆိုထားကြောင်း သိရသည်။

 

Source: CNN