မြဝတီမြို့နယ်အတွင်း (၃)ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က (၉)ဦးသေကာ ပြန်လည်ဆုတ်ခွာ 

မြဝတီမြို့နယ်အတွင်း (၃)ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က (၉)ဦးသေကာ ပြန်လည်ဆုတ်ခွာ 

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့၏ (၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၉)ဦးသေပြီး အများအပြားဒဏ်ရာရကြောင်း Cobra စစ်ကြောင်း၏ ယနေ့ ဇွန်လ(၃)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ခုနှစ်၊ မေလ(၂၉)ရက်နေ့က စတင်ကာ ဇွန်လ(၁)ရက်နေ့အထိ KNLA တပ်မဟာ(၆)၊ Cobra စစ်ကြောင်း(၁)၊ Cobra စစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal Wings၊ ရောင်နီတို့နှင့် စစ်ကောင်စီတပ်မှ တပ်မ (၄၄)၊ မ(၂)၊ ခလရ(၂၇၅)၊ ခမရ(၃၅၅)၊ လ (၈)၊ BGF ၁၀၁၉ တပ်ရင်း၊ ခမရ(၁၁၈)၊ သင်္ကန်းညီနောင်ဗျူဟာတို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ(၂၉)ရက်နေ့တွင် တော်လှန်ရေးတပ်များ ကာကင်းယူထားသော နယ်မြေအား အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၇)ဦးသေဆုံးပြီး တော်လှန်ရေးတပ်များဘက်က ရဲဘော်(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ (၃၀)ရက်နေ့တွင် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူများ၊ ဒရုန်းပစ်ကူများ အသုံးပြုပြီး တော်လှန်ရေးတပ်များလုံခြုံရေးယူထားသောနယ်မြေအား ထပ်မံစစ်ကြောင်းထိုးလာရာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၂)ဦးသေကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဇွန်လ(၁)ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပူးပေါင်းတပ်ဖွဲ့များ ကာကင်းယူထားသော နယ်မြေအား အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာရာ တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ခမရ (၁၁၈)တပ်ရင်းမှူး (၁)ဦး အပါအဝင် (၈)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။