တရုတ်နိုင်ငံတွင် ဆိုရှယ်မီဒီယာ ကျော်ကြားသူ အင်တာနက် ဆယ်လီ တစ်ဦးမှာ အပြင်းစား အရက်ပုလင်းများကို တစ်လုံးပြီးတစ်လုံး သောက်ပြသည့် ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးနောက် မကြာမီ သေဆုံးသွားခဲ့ကြောင်း အစိုးရမီဒီယာက ဖော်ပြသည်။
တရုတ်ဆိုရှယ်မီဒီယာတွင် ယမကာလူငယ်အဖြစ် လူသိများ ကျော်ကြားသူ "Sanqiange" (သို့မဟုတ်) "Brother Three Thousand" က အခြား ဆိုရှယ်မီဒီယာ ကျော်ကြားသူတစ်ဦးနှင့်အတူ အရက်ပြိုင်သောက်ပြခဲ့သည်ဟု ဆိုသည်။
ထိုအရက်သောက်ပြိုင်ပွဲတွင် အယ်လ်ကိုဟောပါဝင်မှု (၃၀) ရာခိုင်နှုန်းမှ (၆၀) ရာခိုင်နှုန်းကြားရှိသည့် Baijiu တရုတ်အရက် ပါဝင်သည်။
"Sanqiange" က Baijiu အရက်ပြိုင်သောက်မှုကို တရုတ်ဗားရှင်း TikTok ဖြစ်သည့် Douyin တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ရိုက်ထုတ်လွှင့်မှုအပြီး နာရီပိုင်းမျှအကြာတွင် "Sanqiange" သေဆုံးနေသည်ကို တွေ့ခဲ့ကြရကြောင်း တရုတ်သတင်းဌာန Shangyou News က ဖော်ပြသည်။
"Sanqiange" က "PK" ဟု လူသိများသည့် ဆိုရှယ်မီဒီယာ ကျော်ကြားသူများကြား အွန်လိုင်းစိန်ခေါ်မှုတွင် ပါဝင်ခဲ့ပြီး အခြား ဆိုရှယ်မီဒီယာ ကျော်ကြားသူတစ်ဦးနှင့်အပြိုင် ၂၀၂၃ခုနှစ် မေလ (၁၆) ရက် နံနက်အစောပိုင်းတွင် အရက်ပြိုင်သောက်ခဲ့ပြီး ထိုမှတ်တမ်းဗီဒီယိုကို ၎င်း၏ Douyin အကောင့်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း သူငယ်ချင်းတစ်ဦးက ဆိုသည်။
"သူ ဘယ်လောက်သောက်လိုက်တယ်ဆိုတာ ကျနော် မသိဘူး။ ဒါပေမဲ့ ဗီဒီယိုရဲ့ နောက်ပိုင်းမှာ သူ အရက် (၃) လုံး သောက်ထားပြီးတာ တွေ့ရပြီး (၄) လုံးမြောက်ကို စသောက်နေတယ်" ဟု "Sanqiange" ၏ သူငယ်ချင်းက Shangyou News ကို ပြောခဲ့သည်။
"PK" အွန်လိုင်းစိန်ခေါ်ခြင်းအဖြစ် အရက်ပြိုင်သောက်မှုမှာ မေလ (၁၆) ရက်နေ့ နံနက် (၁) နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး ထိုနေ့ မွန်းလွဲ (၁) နာရီတွင် မိသားစုက "Sanqiange" သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း သူငယ်ချင်းဖြစ်သူက ဆိုသည်။
Source: CNN