ကနေဒါနိုင်ငံ အနောက်ပိုင်းတွင် သီတင်းတစ်ပတ်ကြာ စံချိန်တင် ပူပြင်းသည့် မိုးလေဝသအခြေအနေကြောင့် အယ်လ်ဘာတာပြည်နယ်၏ နေရာများတွင် တောမီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး နှင်းထုများ လျင်မြန်စွာ အရည်ပျော်ရာမှ ဗြိတိသျှကိုလံဘီယာပြည်နယ် အတွင်းပိုင်းတစ်လျှောက် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ လူဦးရေ ထောင်နှင့်ချီ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရသည်။
၂၀၂၃ခုနှစ် ဒေသစံတော်ချိန် မေလ (၅) ရက်နေ့အထိ အယ်လ်ဘာတာပြည်နယ်တွင် တောမီးလောင်မှု (၇၈) ခု ဖြစ်ပွားနေရာ လူဦးရေ (၁၃,၀၀၀) ကျော်ကို ရွှေ့ပြောင်းကြရန် ညွှန်ကြားထားသည်။
တောမီးလောင်မှု အဆိုးဆုံးဖြစ်ပွားနေသည့် နေရာများအနက် Little Red River Cree Nation ၏ နယ်မြေ ပါဝင်ခဲ့ပြီး Fox Lake တောမီးက မြေဧက (၃,၆၀၉) တွင် ကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် နေအိမ် အလုံး (၂၀) မီးလောင်ပြာကျသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အယ်လ်ဘာတာပြည်နယ် မြို့တော် Edmonton ၏ အနောက်ဘက် (၈၇) မိုင်အကွာရှိ Drayton တောင်ကြားတွင် နေထိုင်ကြသည့် လူဦးရေ (၇,၀၀၀) လုံးကိုလည်း မေလ (၄) ရက် ညပိုင်းက ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့သည်။
ယခုနှစ်တွင် အယ်လ်ဘာတာပြည်နယ်အတွင်း တောမီးလောင်မှု (၃၄၈) ခု ဖြစ်ပွားခဲ့ပြီး မြေအကျယ်အဝန်း ဟက်တာ (၂၅,၀၀၀) ကျော်ကို လောင်ကျွမ်းခဲ့ကြောင်း အယ်လ်ဘာတာတောမီးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးဌာန၏ တာဝန်ရှိသူ Christie Tucker က ပြောသည်။
ထိုအတောအတွင်း ဗြိတိသျှကိုလံဘီယာပြည်နယ်တွင်မူ မြစ်များ မြစ်ရေလျှံတက်ခဲ့ပြီး နေအိမ်များ ရေနစ်မြုပ်ခဲ့ကြောင်းနှင့် ပြည်နယ်အတွင်းပိုင်းတစ်လျှောက် Cache Creek နှင့် Grand Forks အပါအဝင် နေရာများတွင် အမြန်လမ်းမများကို ပိတ်ထားခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အထိ ကနေဒါနိုင်ငံ အနောက်ပိုင်းတွင် အေးမြသော နွေဦးရာသီကို ကြုံခဲ့ရသော်လည်း ပုံမှန်မဟုတ်သော အပူချိန်မြင့်တက်မှုများ လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့ရာ မေလအစောပိုင်း၏ ပျမ်းမျှ အပူချိန်ထက် (၁၀) မှ (၁၅) ဒီဂရီဆဲလ်စီးယပ် ပိုမို ပူပြင်းခဲ့ပြီး တောမီးလောင်မှုနှင့် ရေကြီးမှု နှစ်ခုလုံးကို ဖြစ်ပေါ်စေသည်။
သစ်တောများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ သီတင်းပတ်ကုန် ရက်များအတွင်း နောက်ထပ် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်ရာ ဗြိတိသျှကိုလံဘီယာပြည်နယ် အစိုးရက ဒေသခံများကို ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။
Source: Reuters
Photo: Reuters