ရုရှားက ယူကရိန်းနိုင်ငံ၏ အခြေခံအဆောက်အအုံများကို ဆက်လက်တိုက်ခိုက်၊ အနောက်အုပ်စု ဂြိုဟ်တုများကို ပစ်ချနိုင်ဟု ခြိမ်းခြောက်

ရုရှားက ယူကရိန်းနိုင်ငံ၏ အခြေခံအဆောက်အအုံများကို ဆက်လက်တိုက်ခိုက်၊ အနောက်အုပ်စု ဂြိုဟ်တုများကို ပစ်ချနိုင်ဟု ခြိမ်းခြောက်
အောက်တိုဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေမှု အပါအဝင် အခြေခံအဆောက်အအုံများကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေပြီး ရုရှားအစိုးရ အကြီးတန်းအရာရှိတစ်ဦးက ယူကရိန်းကို စစ်ရေးအကူအညီဖြစ်စေသည့် အနောက်အုပ်စုနိုင်ငံများ၏ စီးပွားဖြစ်လုပ်ငန်သုံး ဂြိုဟ်တုများကို ပစ်ချနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုလိုက်သည်။

အကယ်၍ ရုရှားက ထိုသို့ လုပ်ဆောင်ခဲ့လျှင် (၈) လကြာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲကို သေချာပေါက် အရှိန်မြင့်တက်စေပြီး ရုရှားနှင့် အနောက်အုပ်စုကြား တိုက်ရိုက် ထိပ်တိုက်တွေ့မည့် အန္တရာယ်ရှိသည်။ 

ရုရှားအစိုးရ အကြီးတန်းအရာရှိက ဂြိုဟ်တုများကို ပစ်ချနိုင်ကြောင်း ပြောဆိုမှုအပေါ် အမေရိကန်အစိုးရ သို့မဟုတ် စီးပွားဖြစ်လုပ်ငန်းသုံး ဂြိုဟ်တုဝန်ဆောင်မှုကုမ္ပဏီများထံမှ ချက်ချင်း တုံ့ပြန်မှု မရှိသေးဟု ဆိုသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ Konstantin Vorontsov က ယူကရိန်း၏ စစ်ရေးလှုပ်ရှားမှုများကို ကူညီပေးရန် အနောက်အုပ်စု ဂြိုဟ်တုများကို အသုံးပြုခြင်းက အလွန်အန္တရာယ်လမ်းကြောင်းဖြစ်သည်ဟု ဆိုသည်။ 

"လက်တုံ့ပြန် တိုက်ခိုက်မှုအတွက် အရပ်သားတစ်ပိုင်း အခြေခံအဆောက်အအုံတွေက တရားဝင် ပစ်မှတ်ဖြစ်နိုင်ပါတယ်။ အနောက်အုပ်စုက ယူကရိန်းကို ကူညီဖို့ အခုလို ဂြိုဟ်တုတွေ အသုံးပြုမှုက တမင်ဆွပေးနေတာပဲဖြစ်တယ်" ဟု ၎င်းက ကုလသမဂ္ဂ ပထမကော်မတီသို့ ပြောကြားခဲ့သည်။

Konstantin Vorontsov က မည်သည့် ဂြိုဟ်တုကုမ္ပဏီဖြစ်သည်ဟု ထုတ်ဖော်မပြောခဲ့သော်လည်း အမေရိကန်ဘီလျံနာ အီလွန်မက်စ်က ၎င်း၏ ဒုံးပျံကုမ္ပဏီ SpaceX အနေဖြင့် ယူကရိန်းတွင် အကျိုးပြုလုပ်ငန်းများအတွက် Starlink ဂြိုဟ်တုအင်တာနက် အသုံးပြုနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု အစောပိုင်းတွင် ပြောထားသည်။

Source: Reuters