ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့တွင် နိုင်ငံအတွင်းပြုပြင်ပြောင်းလဲရေး တောင်းဆိုချက်များဖြင့် ထိုင်းအစိုးရအား ဆန္ဒထုတ်ဖေါ်သူများက Milk Tea Alliance အဖွဲ့ဝင် မြန်မာနှင့်အတူ ရပ်တည်ကြောင်းကိုပါ ထည့်သွင်း ဆန္ဒထုတ်ဖော်သည်ကို လည်း တွေ့ရသည်။
ဝန်ကြီးချုပ် ပရာယွတ် ရာထူးမှ နှုတ်ထွက်ပေးရန်၊ နန်းတော်နှင့် စစ်တပ်အသုံးစရိတ်များ လျှော့ချရန်နှင့် နိုင်ငံအတွင်း COVID-19 ကာကွယ်ဆေးကို mRNA အမျိုးအစားများကိုသာ ထိုးနှံပေးရန် အချက် (၃) ချက်ကို ဆန္ဒထုတ်ဖေါ်သူများက တောင်းဆိုကြခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖေါ်သူများက အစိုးရအိမ်တော်ရှေ့အထိ ချီတက်ရန် စီစဉ်ထားသော်လည်း ကွန်တိန်နာများချ၍ လမ်းကြောင်း ပိတ်ထားသဖြင့် ဒီမိုကရေအထိမ်းအမှတ် ကျောက်တိုင်သို့ ချီတက်ခဲ့ကြရပြီး ထိုင်းရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များအသုံးပြု၍ လူစုခွဲဖြိုခွင်းသည့်အပြင် ရေပိုက်ဖြင့်ထိုး၍ ဟန့်တားခြင်းကိုလည်း ပြုလုပ်သဖြင့် ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။
အင်အားသုံးဖြိုခွင်းမှုများကြားမှ ဆန္ဒပြလူငယ်များက အာဏာသိမ်းမှုကို တော်လှန်နေသည့် မြန်မာနှင့်အတူရပ်တည်ကြောင်း စာသားများကိုလည်း ကိုင်ဆောင်၍ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ကို တွေ့ရသည်။
#TachileikNewsAgency