နေတိုးအဖွဲ့က ယူကရိန်းကို သံချပ်ကာယာဥ် အစီးရေ (၁,၅၅၀)နှင့် တင့်ကား အစီးရေ (၂၃၀) ပေးပို့ ကူညီထား

နေတိုးအဖွဲ့က ယူကရိန်းကို သံချပ်ကာယာဥ် အစီးရေ (၁,၅၅၀)နှင့် တင့်ကား အစီးရေ (၂၃၀) ပေးပို့ ကူညီထား
By Mr John

ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် နယ်မြေများကို ပြန်လည်ရယူရန်အတွက် တပ်ဖွဲ့များ ဖွဲ့စည်းရန် NATO မဟာမိတ်များနှင့် မိတ်ဖက်များက ယူကရိန်းကို သံချပ်ကာယာဥ် အစီးရေ (၁,၅၅၀) နှင့် တင့်ကား အစီးရေ (၂၃၀) ပေးပို့ကူညီခဲ့ကြောင်း NATO အကြီးအကဲ Jens Stoltenberg က ၂၀၂၃ခုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် ပြောသည်။ 

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားကျူးကျော်မှု စတင်ခဲ့ပြီးနောက်ပိုင်း သံချပ်ကာယာဥ်နှင့် တင့်ကားများ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယူကရိန်းကို ကတိပြုထားသည့် တိုက်ပွဲဝင်ယာဥ်များ၏ (၉၈) ရာခိုင်နှုန်းဖြစ်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောခဲ့သည်။

"စုစုပေါင်း ယူကရိန်း သံချပ်ကာယာဥ်တပ်ဖွဲ့အသစ် (၉) ခုကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။ ဒါက ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ဆက်လက်ပြီး ပြန်လည်သိမ်းယူဖို့ ယူကရိန်းကို အင်အားတောင့်တင်းစေပါတယ်" ဟု NATO အကြီးအကဲက ဆိုသည်။ 

NATO စစ်ရေးမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများက ယူကရိန်းကို လေယာဥ်ပစ်လက်နက်စနစ်များနှင့် အမြောက်များနှင့် ပိုလန်နှင့် ချက် ရီပတ်ဘလစ်တို့က ဆိုဗီယက်ခေတ်တွင် ထုတ်လုပ်ခဲ့သည့် MiG-29 တိုက်လေယာဥ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

NATO က အသုံးပြုသည့် စစ်လက်နက်များနှင့် ပတ်သက်၍ ထောင်နှင့်ချီသည့် ယူကရိန်းစစ်သားများကို သင်တန်းပေးခဲ့သည်ဟု ဆိုသည်။ 

ယူကရိန်းကို မကြုံစဖူး စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုနှင့် ပတ်သက်၍ Jens Stoltenberg က အလေးပေး ပြောခဲ့သော်လည်း မိမိတို့အနေဖြင့် ရုရှားကို မည်သည့်အခါမျှ လျှော့မတွက်သင့်ကြောင်း ၎င်းက သတိပေးခဲ့သည်။

ရုရှားက မြေပြင်တပ်ဖွဲ့များ ပိုမိုစုဆောင်းနေခဲ့ကြောင်းနှင့် စစ်ပွဲတွင် သေဆုံးဒဏ်ရာရမှုနှုန်း အလွန်မြင့်မားနေမှုနှင့်အတူ ထောင်နှင့်ချီသည့် တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် ဆန္ဒရှိနေကြောင်းလည်း NATO အကြီးအကဲက ဆိုသည်။ 

ကာလရှည်ကြာသော စစ်ပွဲတစ်ခု ဖြစ်လာပုံရသည့် ယခုစစ်ပွဲကို ရင်ဆိုင်ရာတွင် NATO အဖွဲ့ဝင် နိုင်ငံများက ဦးတည်ချက်အတိုင်း ဆက်ရှိရမည်ဖြစ်ပြီး ယူကရန်း အောင်ပွဲရရန် ၎င်းလိုအပ်သည့်အရာများ ဆက်လက် ကူညီထောက်ပံ့ရမည်ဟု Jens Stoltenberg က ပြောခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း လစ်သူယေးနီးယားနိုင်ငံတွင် ပြုလုပ်သွားမည့် NATO ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းအတွက် နှစ်ရှည်ကူညီပံ့ပိုးမှု အစီအစဥ်အတွက် စီစဥ်ပြင်ဆင်မှုများ ချမှတ်သွားမည်ဟု ၎င်းကဆိုသည်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဧပြီလ (၂၆) ရက်နေ့က ဖုန်းဖြင့် စကားပြောခဲ့မှုကိုလည်း NATO အကြီးအကဲက ကြိုဆိုခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှု စတင်ခဲ့ပြီးနောက်ပိုင်း ဇီလန်းစကီးနှင့် ရှီကျင့်ဖျင်တို့ ပထမဆုံးအကြိမ် ဖုန်းဆက်စကားပြောခဲ့ကြခြင်း ဖြစ်သည်။ 

တရုတ်အစိုးရက ယူကရိန်း-ရုရှား ပဋိပက္ခတွင် ကြားနေဖြစ်ကြောင်း ထုတ်ဖော်ပြောထားပြီး ရှီကျင့်ဖျင်က ရုရှားကျူးကျော်မှုကို မည်သည့်အခါကမျှ ရှုတ်ချခဲ့ခြင်း မရှိကြောင်း သိရသည်။ 

ရှီကျင့်ဖျင်က ၂၀၂၃ ခုနှစ် မတ်လအတွင်း ရုရှားသို့ နိုင်ငံတော်ခရီးစဥ်အဖြစ် သွားရောက်ခဲ့ရာ အနောက်အုပ်စုနိုင်ငံများထံမှ ကြားဝင်ညှိနှိုင်းရန် တရုတ်ကို ဖိအားပေးမှု တိုးလာခဲ့သည်။

Source: AFP

Photo: Kenzo TRIBOUILLARD / AFP, Libkos, Reuters, Reuters/Sofiia Gatilova