လွိုင်ကော် သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး အပါအဝင် (၃)ဦးကို နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်

လွိုင်ကော် သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး အပါအဝင် (၃)ဦးကို နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်

 ကရင်နီ(ကယား)ပြည်နယ်အတွင်း လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရရုံးမဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ် Drone ဖြင့် ဗုံးကြဲခံရပြီး ဒဏ်ရာရရှိသူများနက် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း အပါအဝင် (၃)ဦးကို နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း သိရသည်။



"ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း ရယ်၊ ဒုဦးစီးမှူး အမျိုးသမီးတစ်ယောက် ရယ်၊ နောက်ထပ်အမျိုးသားတစ်ယောက် သူတို့တွေ အခြေအနေဆိုးလို့တဲ့ ရဟတ်ယာဉ်နဲ့ နေပြည်တော်ခေါ်သွားတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ယနေ့ သင်္ကြန်အကြတ်နေ့   ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့၏ နံနက်(၁၀)နာရီဝန်းကျင်အချိန်က မဏ္ဍပ်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း အပါအဝင် (၂၀)ကျော် ဒဏ်ရဦရရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို လွိုင်ကော်ဆေးရုံတွင် ကုသပေးနေကြောင်း သိရသည်။

ဒေသအတွင်း သတင်းအချက်အလက်များ စုံစမ်းချက်အရ ပေါက်ကွဲမှုကြောင့် သေဆုံးသူမရှိဟု သိရသော်လည်း Tachileik News Agency အနေဖြင့် ထိခိုက်သေဆုံး အရေအတွက် အတိအကျကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။