ရေတာရှည်မြို့နယ်အတွင်း (၄)ရက်ကြာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ ထိခိုက်၊ သေဆုံး၊ ထွက်ပြေးနေရ

ရေတာရှည်မြို့နယ်အတွင်း (၄)ရက်ကြာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ ထိခိုက်၊ သေဆုံး၊ ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မိကျောင်းအိုင်အုပ်စုအတွင်း (၄)ရက်ကြာ တိုက်ပွဲများ ဖြစ်ပွား‌နေပြီး အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီး နှင့်ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်မှုရှိနေသည်ဟု KNLA တပ်မဟာ ( ၂ )ထံမှ သိရသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ ( ၄ )ရက်နေ့က စတင်ကာ ပဲခူးတိုင်းရေတာရှည်မြို့ နယ်၊ မိကျောင်းအိုင်အုပ်စု၊ ရွှေသောင်ရွာသစ်၊ ရွှေသောင်ရွာဟောင်း၊ ရတနာကျောက်ပုံကျေးရွာတစ်လျှောက်တွင် KNLA၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ ဧပြီလ (၈)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများတယ်။ ဒေသခံတွေရှိတဲ့ နေရာတွေကို ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေကြောင့် ဒေသခံတွေ ထိခိုက်မှုတွေရှိတယ်။"ဟု KNLA တပ်မဟာ ( ၂ )မှ ရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီတပ်များသည် ဒေသခံရွာသားများအား လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ရဟတ်ယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်ခြင်းများပြုလုပ်သဖြင့် ဒေသခံတချို့သေဆုံးမှု၊ ထိခိုက်ဒဏ်ရာများရခြင်း၊ နေအိမ်များမီးလောင်ပျက်စီးခြင်းများရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ရဲဘော် ( ၂ )ဦး ကျဆုံးပြီး တချို့မှာ လက်နက်ကြီးစမှန်သော်လည်း မစိုးရိမ်ရဟု သိရသည်။ 

ဒါအပြင် စစ်ဘေးရှောင်ပြည်သူ ၃၀၀ ဝန်းကျင်ခန့်ရှိသဖြင့်နီးစပ်ရာများမှတစ်ဆင့်လဲ စစ်ဘေးရှောင်များကို အကူညီများပေးကြရန်တောင်းဆိုသည်။