အမေရိကန်က ထိုင်ဝမ်အတွက် လက်နက်ရောင်းချမှုများ ဆက်လုပ်သွားမည်

 အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက္ကာသီနှင့် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်တို့ တွေ့ဆုံစဉ် [ Photo:  Taipei Times ]
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက္ကာသီနှင့် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်တို့ တွေ့ဆုံစဉ် [ Photo: Taipei Times ]
အမေရိကန်က ထိုင်ဝမ်အတွက် လက်နက်ရောင်းချမှုများ ဆက်လုပ်သွားမည်
By Mr John

တရုတ်နိုင်ငံက သတိပေး ခြိမ်းခြောက်မှုများရှိနေခဲ့သော်လည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက္ကာသီနှင့် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်တို့  ၂၀၂၃ခုနှစ် ဧပြီလ (၅) ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်တွင် တွေ့ဆုံခဲ့ကြပြီး လက်နက်ကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ 

ယခု တွေ့ဆုံမှုမှာ ဆယ်စုနှစ်များအတွင်း အမေရိကန်သမ္မတနှင့် ဒုတိယသမ္မတပြီးလျှင် တတိယမြောက် အဆင့်အမြင့်ဆုံး အမေရိကန်ခေါင်းဆောင်တစ်ဦးက ထိုင်ဝမ်ခေါင်းဆောင်ကို အမေရိကန်မြေပေါ်တွင် တွေ့ဆုံမှုလည်း ဖြစ်လာသည်။

မြင့်တက်လာသည့် တရုတ်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် ထိုင်ဝမ်သို့ လက်နက်ပေးပို့မှုများ တိုးမြှင့်ရန် လိုအပ်ချက်ကို တွေ့ဆုံမှုအတွင်း အလေးပေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ 

" ကျွန်တော်တို့ ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေ ဆက်လုပ်ရပါမယ်။ ဒီလက်နက်တွေ ထိုင်ဝမ်ကို အချိန်မီရောက်ရှိရေး သေချာအောင် ဆောင်ရွက်ရပါမယ်။ ဒုတိယအချက်က  ကျွန်တော်တို့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ကုန်သွယ်ရေးနဲ့ နည်းပညာပိုင်းမှာ အားကောင်းအောင် လုပ်ဆောင်ရပါမယ်" ဟု အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက္ကာသီက ဆိုသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ မက္ကာသီက ရီပတ်ဘလစ်ကင်နှင့် ဒီမိုကရက်တစ် လွှတ်တော်အမတ်များနှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် ထိုင်ဝမ်သို့ လက်နက်ပေးပို့မှုများ မည်သို့ အရှိန်မြှင့်မည်ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့သည်။ 

အမေရိကန်အောက်လွှတ်တော် ဥက္ကဌ မက္ကာသီနှင့် အခြား ရီပတ်ဘလစ်ကင်နှင့် ဒီမိုကရက်တစ် လွှတ်တော်အမတ်များက ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကို ကယ်လီဖိုးနီးယားပြည်နယ် ဆီမီဗယ်လီမြို့ရှိ သမ္မတရေဂင်စာကြည့်တိုက် Roland Reagan Presidential Library တွင် တွေ့ဆုံခဲ့ကြသည်။

တရုတ်က ထိုသို့ တွေ့ဆုံပါက လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများရှိနေခဲ့သော်လည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌနှင့် အမတ်များက ထိုင်ဝမ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။ 

ဒီမိုကရေစီစနစ် ကျင့်သုံးအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ပြောဆိုထားပြီး အမေရိကန်အစိုးရအရာရှိများ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးနေခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ယခုတွေ့ဆုံမှုကို အလျင်အမြန် ရှုတ်ချလိုက်ပြီး အမေရိကန်က ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းနေသည့် ခွဲထွက်ရေးသမားများနှင့် ပူးပေါင်းကြံစည်ကြောင်း စွပ်စွဲလိုက်သလို ထိုင်ဝမ်ကျွန်းအရေးနှင့် ပတ်သက်၍ ၎င်း၏ ကတိကဝတ်များကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

တရုတ်က ထိုင်ဝမ်အား ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက ၎င်း၏ ထိန်းချုပ်မှုအောက်သို့ စစ်အင်အားသုံးပြီး ပြန်လည်ထည့်သွင်းမည်ဟု ကြုံးဝါးထားသည်။

ဆက်စပ်သတင်းတစ်ရပ်အရ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ မက္ကာသီတို့ တွေ့ဆုံမှုကို တရုတ်အစိုးရက ရှုတ်ချခဲ့ပြီးနောက် ထိုင်ဝမ်က တရုတ်လေယာဥ်တင်စစ်သင်္ဘောကို အနီးကပ်စောင့်ကြည့်နေပြီး ထိုင်ဝမ်ရေလက်ကြားတွင် သင်္ဘောများကို စစ်ဆေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။ 

တရုတ်လေယာဥ် စစ်သင်္ဘော Shandong ကို ဧပြီလ (၅) ရက်နေ့တွင် တွေ့ရှိခဲ့ပြီး လက်ရှိအချိန်၌ ထိုင်ဝမ်၏ အရှေ့ဘက်ကမ်းရိုးတန်းမှ ရေမိုင် (၂၀၀) အကွာတွင်ရှိနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က သတင်းထောက်များကို တိုင်ပေမြို့ရှိ လွှတ်တော်တွင် ပြောခဲ့သည်။

 

Source: Reuters