ယူကရိန်းကို ကျူးကျော်ခဲ့မှုကြောင့် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများက ရုရှား၏ စီးပွားရေးကို ထိခိုက်နိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ထုတ်ဖော်ဝန်ခံလိုက်သည်။
"ရုရှားစီးပွားရေးအပေါ် တရားမဝင် ဒဏ်ခတ်ပိတ်ဆို့မှုတွေက အတန်အသင့်အားဖြင့် အမှန်တကယ် ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်" ပူတင်က ၂၀၂၃ခုနှစ် မတ်လ (၂၉) ရက်နေ့တွင် မှတ်ချက်ပြုခဲ့ကြောင်း ရုရှားအစိုးသတင်းဌာန TASS က ဖော်ပြသည်။
ရုရှားနိုင်ငံ၏ စီးပွားရေး ကြံ့ကြံ့ခံနိုင်နေဆဲဖြစ်ကြောင်း ယခင်က အကြိမ်ကြိမ် အခိုင်အမာ ပြောနေခဲ့သည့် သမ္မတပူတင်သည် ယခုအခါမှာ ရှားရှားပါးပါး ထုတ်ဖော်ဝန်ခံမှုတစ်ခုလည်း ဖြစ်လာသည်။
ရုရှား၏ စီးပွားရေးမှာ ကမ္ဘာ့အရှေ့ခြမ်းနှင့် တောင်ခြမ်းမှ နိုင်ငံများနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှစပြီး တိုးတက်လာခဲ့ကြောင်း ပူတင်က တရုတ်နှင့် အာဖရိကနိုင်ငံအချို့ကို ရည်ညွှန်းလျက် ပြောခဲ့သည်။
ပြည်တွင်းဝယ်လိုအားကလည်း စီးပွားရေးအတွက် အရေးပါကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွင်း အဓိက မောင်းနှင်အားဖြစ်ကြောင်းလည်း ရုရှားသမ္မတပူတင်က အလေးထား ပြောခဲ့ကြောင်း သိရသည်။
ဥရောပက ရေနံထုတ်ကုန် အများစုကို တင်သွင်းခွင့်ပိတ်ပင်ခြင်း အပါအဝင် အနောက်အုပ်စု၏ မကြုံစဖူး ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုရှားစီးပွားရေးက အံ့အားသင့်ဖွယ် ကြံ့ကြံ့ခံနိုင်ကြောင်း ပြသခဲ့သည်ဟု ဆိုသည်။
ရုရှားအစိုးရအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ဝင်ငွေမှာ လွန်ခဲ့သည့် တစ်နှစ်နှင့် နှိုင်းယှဥ်ပါက (၃၅) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အသုံးစရိတ်မှာ (၅၉) ရာခိုင်နှုန်း မြင့်တက်သွားခဲ့ရာ အစိုးရဘတ်ဂျက်လိုငွေ ရူဘယ် (၁,၇၆၁) ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၂၃.၃ ဘီလီယံ) ဖြစ်စေခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ရုရှားစီးပွားရေးမှာ (၃.၃) ရာခိုင်နှုန်း ကျသွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး အဖွဲ့အစည်းကမူ (၅.၆) ရာခိုင်နှုန်း ကျသွားဟု ခန့်မှန်းထားကြောင်း သိရသည်။
Source: CNN