မလေးရှားအစိုးရအဖွဲ့သစ်၏ ဝန်ကြီးများ လစာငွေ (၂၀) ရာခိုင်နှုန်း လျှော့ယူမည်

မလေးရှားအစိုးရအဖွဲ့သစ်၏ ဝန်ကြီးများ လစာငွေ (၂၀) ရာခိုင်နှုန်း လျှော့ယူမည်
ဒီဇင်ဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံ၏ ညီညွတ်ရေးအစိုးရအဖွဲ့မှ ဝန်ကြီးများက ၎င်းတို့၏ လစာငွေကို (၂၀) ရာခိုင်နှုန်း လျှော့ယူရန် သဘောတူညီခဲ့ကြကြောင်း ဒီဇင်ဘာလ (၅) ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ်အန်ဝါအီဗရာဟင်မ်က ပြောသည်။ ပြည်သူလူထု ပြဿနာများ ရင်ဆိုင်နေကြရသည့်အတွက် ဝန်ကြီးများက လစာလျှော့ယူရန် သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အန်ဝါက ပြောသည်။

"စီးပွားရေး နာလန်ပြန်ထူလာတဲ့အထိ လစာလျှော့ယူကြပါမှာ ဖြစ်ပါတယ်။ သုံးနှစ်အတွင်း စီးပွားရေး နာလန်ပြန်ထူလာရင် ကျွန်တော်တို့ ဒါကို ပြန်သုံးသပ်သွားပါမယ်။ လစာတွေ လျှော့ချရတာက သင့်လျော်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ အနစ်နာခံပေးမှုကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်" ဟု ဝန်ကြီးချုပ်အန်ဝါက ဖြည့်စွက်ပြောခဲ့သည်။

"တချို့တွေက ပြောကြတယ်။ အန်ဝါက ဝန်ကြီးချုပ်လစာကို မယူဘဲ ဘဏ္ဍာရေးဝန်ကြီးလစာကို ယူမယ်လို့ပေါ့။ အဲဒါ မမှန်ပါဘူး။ လစာတစ်ခုပဲရှိပါတယ်" ဟုလည်း ၎င်းကဆိုသည်။ 

မလေးရှားဝန်ကြီးချုပ်အန်ဝါက ၎င်း၏အစိုးရအဖွဲ့သစ်တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားပြီး ယခင်ဘဏ္ဍာရေးဝန်ကြီး Tengku Abdul Aziz က ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ဝန်ကြီး (၂၈) ဦးပါဝင်သည့် အစိုးရအဖွဲ့သစ်ကို ဒီဇင်ဘာလ (၄) ရက် ညပိုင်းတွင် ဝန်ကြီးချုပ်အန်ဝါက ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ (၅) ရက် မွန်းလွဲပိုင်းက ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

မလေးရှားအစိုးရအဖွဲ့သစ်တွင် ဝန်ကြီးဌာနများ၏ ဝန်ကြီးနေရာများ အားလုံးတွင်လည်း အပြောင်းအလဲများ ရှိလာသည်။ 

မြန်မာ့အရေး ရှေ့တန်းမှ တက်ကြွစွာပြောဆိုခဲ့သူ ယခင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖူဒင်အဗ္ဗဒူလာ၏ နေရာတွင် BN ပါတီမှ ဇမ်ဘရီအဗ္ဗဒူကဒါကို ခန့်လိုက်ကြောင်းလည်း သိရသည်။

Source: CNA