မြောက်ကိုရီးယားက တောင်ကိုရီးယားဗီဒီယိုများ မျှ‌ဝေမှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် ပြည်သူများကို ကွပ်မျက် 

Photo: Rodong Sinmun/Yonhap
Photo: Rodong Sinmun/Yonhap
မြောက်ကိုရီးယားက တောင်ကိုရီးယားဗီဒီယိုများ မျှ‌ဝေမှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် ပြည်သူများကို ကွပ်မျက် 
By Mr John

 

နိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ဖိနှိပ်နေသည့် မြောက်ကိုရီးယားက မူးယစ်ဆေးဝါးမှု၊ တောင်ကိုရီးယားဗီဒီယိုများ မျှဝေမှုနှင့် ဘာသာရေးလှုပ်ရှားမှုတို့အတွက် လူများကို ကွပ်မျက်နေကြောင်း တောင်ကိုရီးယားက ၂၀၂၃ခုနှဗစ် မတ်လ (၃၀) ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခု၌ ပြောထားသည်။ 

ကိုရီးယားနှစ်နိုင်ငံ အရေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်သည့် တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ (၅၀၀) ကျော်၏ ထွက်ဆိုချက်များကို စာမျက်နှာ (၄၅၀) ပါ အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"မြောက်ကိုရီးယားနိုင်ငံသားများ၏ အသက်ရှင်သန်ခွင့်မှာ အကြီးအကျယ် ခြိမ်းခြောက်ခံနေရပုံပေါ်ကြောင်း" ထိုဝန်ကြီးဌာနက အစီရင်ခံစာတွင် ပြောထားသည်။ 

"မူးယစ်ဆေးဝါးမှု၊ တောင်ကိုရီးယားဗီဒီယိုများ မျှဝေမှုနှင့် ဘာသာရေးလှုပ်ရှားမှုများ အပါအဝင် သေဒဏ်ချမှတ်ရန် မသင့်သော လုပ်ရပ်များအတွက် ကွပ်မျက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်" ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

တောင်ကိုရီးယားအစိုးရ၏ တွေ့ရှိချက်များကို သီးခြားအတည်မပြုနိုင်သော်လည်း ထိုတွေ့ရှိချက်များမှာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ အစီရင်ခံစာများနှင့် ကိုက်ညီနေကြောင်း Reuters သတင်းက ပြောသည်။ 

မြောက်ကိုရီးယားကမူ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများကို ပယ်ချထားပြီး အစိုးရကိုဖြုတ်ချရန် ကြံစည်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တုံ့ပြန်ခဲ့သည်။

တောင်ကိုရီးယား၏ အစီရင်ခံစာတွင် မြောက်ကိုရီးယားအစိုးရက ဦးဆောင်၍ အများပြည်သူမြင်ကွင်းတွင် ကွပ်မျက်မှု၊ ညှဥ်းပန်းနှိပ်စက်မှုနှင့် အာဏာရှင်ဆန်စွာ ထင်သလို ဖမ်းဆီးမှုများ အပါအဝင် လူ့အသိုင်းအဝိုင်းအတွင်း၊ အကျဥ်းစခန်းများနှင့် အခြားနေရာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အသေးစိတ် ဖော်ပြထားကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ထိန်းသိမ်းရေးစခန်းများတွင် သေဆုံးမှုများနှင့် ညှဥ်းပန်းနှိပ်စက်မှုများမှာ ပုံမှန်ဖြစ်ပွားနေပြီး လူအချို့မှာမူ နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းစဥ် ဖမ်းဆီးခံရပြီးနောက် အကျဥ်းချုပ် အမိန့်ချကာ ကွပ်မျက်ခံရကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောသည်။ 

မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက်တိုက်ကို တိုးချဲ့နေစဥ် နိုင်ငံအတွင်း ပြည်သူများ၏ လူနေမှုအခြေအနေ တိုးတက်လာရန် ဆောင်ရွက်ခြင်းမရှိမှုကို မီးမောင်းထိုးပြရန် တောင်ကိုရီးယားက ကြိုးပမ်းနေစဥ် ယခု အစီရင်ခံစာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယားတွင် မြောက်ကိုရီးယားမှ ထွက်ပြေးလာပြီး အခြေချနေထိုင်သူ (၃၄,၀၀၀) နီးပါးရှိနေသည်။ 

သို့သော် မြောက်ကိုရီးယားက နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကျပ်မှုကြောင့် တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံလာသူ အရေအတွက် သိသိသာသာ လျော့ကျသွားကြောင်းလည်း သိရသည်။ 

COVID-19 ကပ်ရောဂါကာလအတွင်း ၂၀၂၁ ခုနှစ်တွင် မြောက်ကိုရီးယားမှ ထွက်ပြေးခိုလှုံလာသူ (၆၃) ဦးရှိခဲ့ပြီး အနည်းဆုံး အရေအတွက်ဖြစ်ခဲ့သည်။ 

၂၀၂၂ ခုနှစ်တွင်မူ မြောက်ကိုရီးယားမှ ထွက်ပြေးခိုလှုံလာသူ (၆၇) ဦးရှိခဲ့ကြောင်း ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန၏ အချက်အလက်များက ဖော်ပြသည်။

Source: Reuters