တရုတ်နှင့်တင်းမာမှုများ တိုးလာနေစဥ် ဖိလစ်ပိုင်နှင့် အမေရိကန်တို့က အကြီးဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်

တရုတ်နှင့်တင်းမာမှုများ တိုးလာနေစဥ် ဖိလစ်ပိုင်နှင့် အမေရိကန်တို့က အကြီးဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်
ဖေဖော်ဝါရီ 16, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဖိလစ်ပိုင်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးဆုံး နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခု ၂၀၂၃ ခုနှစ်တွင် ပြုလုပ်သွားမည်ဟု ဖိလစ်ပိုင်စစ်တပ် အကြီးအကဲက ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင် အတည်ပြု ပြောကြားသည်။ 

တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နိုင်ငံနှင့် တင်းမာမှုများ တိုးလာနေစဥ် ဖိလစ်ပိုင်က အမေရိကန်နှင့် အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ရန် စီစဥ်လာခြင်းလည်း ဖြစ်သည်။

နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုက ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ လက်ထက်တွင် အမေရိကန်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမှုကို ထင်ရှားစေသည်။ 

ယခုလအစောပိုင်းအတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်စစ်သင်္ဘောတစ်စီးက ဖိလစ်ပိုင် ကမ်းခြေစောင့်ရေယာဥ်ကို စစ်တပ်သုံးအဆင့် လေဆာမီးဖြင့် လှမ်းထိုးမှုအပါအဝင် တရုတ်နိုင်ငံ၏ ရန်လိုသော လုပ်ရပ်များကို ဖိလစ်ပိုင်နိုင်ငံက ရှုတ်ချခဲ့သည်။

ဖိလစ်ပိုင်နှင့်အမေရိကန်တို့က နှစ်စဥ် ပြုလုပ်လေ့ရှိသည့် 'Balikatan' ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၂၃ ခုနှစ် ဒုတိယ လေးလပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သော စစ်သားအရေအတွက် (၈,၉၀၀) ထက် ပိုများမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ် အကြီးအကဲ Romeo Brawner က Reuters သတင်းဌာနကို ပြောသည်။ 

၂၀၁၅ ခုနှစ် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင်မှုတွင် စစ်သား (၁၁,၀၀၀) ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

Source: Reuters