ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပူးတွဲဦးဆောင်ကျင်းပမည့် ဒေသတွင်း စစ်ဘက်ဆိုင်ရာ အစည်းအဝေးသို့ မြန်မာစစ်တပ်ကို ဖိတ်ကြားထားကြောင်း အမေရိကန်စစ်တပ်က ဇန်နဝါရီလ (၃၀) ရက်နေ့တွင် အတည်ပြုခဲ့သည်။
ထိုင်းနှင့်အမေရိကန်တို့က ပူးတွဲဦးဆောင်ကျင်းပသွားမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ASEAN Defence Ministers' Meeting (ADMM) နှင့် ရေလမ်းကြောင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများအလုပ်အဖွဲ့ ဆွေးနွေးပွဲသို့ မြန်မာစစ်တပ်ကို ဖိတ်ကြားထားပြီး အဆိုပါ အစည်းအဝေးများကို ဘန်ကောက်မြို့တွင် ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ အမျိုးသားတစ်ဦးကမူ အစည်းအဝေးသို့ ဖိတ်ကြားမည့် နိုင်ငံများစာရင်းကို အာဆီယံအဖွဲ့ဝင် နိုင်ငံများက သတ်မှတ်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
"အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ အခိုင်အမာ တုံ့ပြန်ဆောင်ရွက်နေမှုမှာ ဆက်လက်ပူးပေါင်းသွားပြီး အကြမ်းဖက်မှု အဆုံးသတ်ရန်၊ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်နဲ့ ဒီမိုကရေစီစနစ်ကို ပြန်သွားရန် စစ်တပ်ကို တိုက်တွန်းမှာဖြစ်ပါတယ်" ဟု ပင်တဂွန်ပြောခွင့်ရအမျိုးသား ဒုတိယဗိုလ်မှူးကြီး Marty Meiners က ဆိုသည်။
မြန်မာစစ်တပ်ကို ဒေသတွင်း စစ်ဘက်ဆိုင်ရာ အစည်းအဝေးသို့ ဖိတ်ကြားထားကြောင်း သတင်းကို Myanmar Now သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့သည်ဟု Reuters သတင်းက ပြောသည်။
မြန်မာစစ်တပ်က ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သည့် အလားတူ ဒေသတွင်း စစ်ဘက်ဆိုင်ရာ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် ပင်တဂွန်က မြန်မာစစ်တပ်ကို အမေရိကန်နှင့်ထိုင်းတို့ ဦးဆောင်ပြုလုပ်သည့် နိုင်ငံစုံပါဝင်သော အဓိက စစ်ရေးလေ့ကျင့်မှုသို့ လေ့လာသူအဖြစ် တက်ရောက်ရန် ဖိတ်ကြားခဲ့ဖူးသည်။
မြန်မာစစ်တပ်မှာ နိုင်ငံအတွင်းရှိ လူနည်းစု ရိုဟင်ဂျာမွတ်စလင်မ်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရပြီး နိုင်ငံတကာရာဇဝတ်မှုတရာရုံး International Criminal Court (ICC) တွင် အမှုရင်ဆိုင်နေရသည်။
Source: Reuters