ဩစတြီးယားနိုင်ငံတွင် စူပါမတ်ကက်တစ်ခုအတွင်း အလွန်အဆိပ်ပြင်းသည့် ပင့်ကူတစ်ကောင် တွေ့ရှိရပြီးနောက် လူများကို အမြန်ဆုံး ထွက်ခွာစေပြီး ဆိုင်ပိတ်ထားလိုက်ရသည်။
Brazilian Wandering Spider ပင့်ကူအမျိုးအစားကို စူပါမတ်ကက်အတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အကိုက်ခံရပါက သေနိုင်သည်။
ထိုပင့်ကူ အမျိုးအစားမှာ ယခင်ကလည်း ဥရောပသို့ ရောက်ရှိလာခဲ့ကြောင်းနှင့် စတိုးဆိုင်များသို့ တင်ပို့လိုက်သည့် ငှက်ပျောသီးခိုင်များတွင် ခိုအောင်းနေလေ့ရှိကြောင်း သိရသည်။
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၏ အနောက်ဘက် (၄၅) မိုင်ခန့်အကွာ Krems an der Donau မြို့ရှိ Penny စူပါမတ်ကက်အတွင်း အနက်ရောင်နှင့် အနီရောင်ရှိသော (၄) လက်မအရွယ် အဆိပ်ပြင်း ပင့်ကူကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆိုင်ကို ထိုစဥ်ကတည်းက ပိတ်ထားခဲ့သည်ဟု ဆိုသည်။
တာဝန်ရှိသူများက စတိုးဆိုင်အတွင်း ပင့်ကူကို ပိုက်စိပ်တိုက် ရှာဖွေနေကြသော်လည်း ဖမ်းမမိသေးဘဲ လွတ်မြောက်နေဆဲဖြစ်ကြောင်း TMZ သတင်းက ဖော်ပြထားသည်။
Brazilian Wandering Spider ပင့်ကူကို ကမ္ဘာ့အဆိပ်အပြင်းဆုံး ပင့်အကူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း အဖွဲ့အစည်း Guinness World Records က အသိအမှတ်ပြုထားသည်။
ထိုပင့်ကူ အကိုက်ခံရပါက သေစေနိုင်ပြီး ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းသွားခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ အကြောဆွဲခြင်းနှင့် ခန္ဓာကိုယ်တောင့်သွားခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။
Source: TMZ