စစ်တပ်က လာသည့် ထိုင်း ဝန်ကြီးချုပ် နှင့် ဒုဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးတို့ အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ကြမည့် ထိုင်းရွေးကောက်ပွဲ

စစ်တပ်က လာသည့် ထိုင်း ဝန်ကြီးချုပ် နှင့် ဒုဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးတို့ အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ကြမည့် ထိုင်းရွေးကောက်ပွဲ
ဇန်နဝါရီ 28, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် စစ်တပ်လိုလားသည့် လက်ရှိ အာဏာရပါတီ Palang Pracharat Party (PPRP) ပါတီက လာမည့် အထွေထွေရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်မည့် ဝန်ကြီးချုပ်လောင်းအဖြစ် ပါတီခေါင်းဆောင် ပရာဝစ်ဝေါင်ဆူဝမ်ကို ရွေးချယ်လိုက်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ပြောသည်။ 

ထိုင်းစစ်တပ်အကြီးအကဲဟောင်းနှင့် ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ပရာဝစ်မှာ ထိုင်းနိုင်ငံရေးနယ်ပယ်တွင် ဩဇာကြီးမားပြီး ကျွမ်းကျင်သည့် စေ့စပ်ညှိနှိုင်းသူအဖြစ် ထင်ရှားသည်။

လက်ရှိ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ အသက် (၇၇) နှစ်အရွယ် ပရာဝစ်မှာ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ အငယ်ဆုံးသမီး ပက်သွန်တန်ရှင်နာဝပ်ထရာနှင့် ယှဥ်ပြိုင်ရဖွယ်ရှိသည်။ 

အသက် (၃၆) နှစ်အရွယ် ပက်သွန်တန်က ဖူထိုင်းပါတီ Pheu Thai Party ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဟု မကြာသေးမီက ကြေညာထားသည်။ 

ထို့အပြင် မကြာသေးမီက United Thai Nation Party (UTN) ပါတီသို့ ဝင်ရောက်ခဲ့သည့် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်လည်း ယှဥ်ပြိုင်သွားရမည် ဖြစ်သည်။

"ကျွန်တော်တို့ ပါတီရဲ့ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်းအဖြစ် ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ်ကို တညီတညွတ်တည်း အဆိုပြုခဲ့ပါတယ်" ဟု PPRP ပါတီ ဒုတိယခေါင်းဆောင် Paibul Nititawan က သတင်းထောက်များကို ပြောသည်။ 

PPRP က ပရာဝစ်ကို ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်မည့် ဝန်ကြီးချုပ်လောင်းအဖြစ် ကြေညာသည့်အခမ်းအနားကို ဘန်ကောက်မြို့တွင် အကျဥ်းချုံး ပြုလုပ်ခဲ့ပြီး ပရာဝစ် တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုအတောအတွင်း ဗိုလ်ချုပ်ကြီးပရာဝစ်၏ ရင်းနှီးသည့်မိတ်ဖက်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး Wit Devahastin na Ayudhya က Ruam Phaen Din ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ကြောင်း ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကြေညာခဲ့ပြီး PPRP ပါတီသို့ ဝင်ရောက်မည်ဟု အတည်ပြုခဲ့သည်။ 

၂၀၂၃ ခုနှစ် မေလတွင် ကျင်းပသွားရန်ရှိသည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် PPRP ပါတီမှ ပရာဝစ်၊ ဖူထိုင်းပါတီမှ ပက်သွန်တန်နှင့် UTN ပါတီမှ ပရာယွတ်တို့က ဝန်ကြီးချုပ်နေရာအတွက် အဓိက ပြိုင်ဘက်များအဖြစ် ယှဥ်ပြိုင်သွားကြရဖွယ်ရှိသည်။

Source: Bangkok Post, Reuters