မြောက်ကိုရီးယားအနေဖြင့် လေပိုက်နက် ထပ်မံကျူးကျော်လျှင် စစ်ရေးသဘောတူညီမှု ရပ်ဆိုင်းနိုင်ကြောင်း တောင်ကိုရီးယားသမ္မတ သတိပေး

မြောက်ကိုရီးယားအနေဖြင့် လေပိုက်နက် ထပ်မံကျူးကျော်လျှင် စစ်ရေးသဘောတူညီမှု ရပ်ဆိုင်းနိုင်ကြောင်း တောင်ကိုရီးယားသမ္မတ သတိပေး
ဇန်နဝါရီ 6, 2023 | နိုင်ငံတကာသတင်း
By Mr John

 

မြောက်ကိုရီးယားက မိမိတို့၏ လေပိုင်နက်အတွင်း နောက်ထပ် ကျူးကျော်လာပါက ကိုရီးယားနှစ်နိုင်ငံကြား ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီမှုကို ရပ်ဆိုင်းထားရန် စဥ်းစားသွားမည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက သတိပေးလိုက်သည်။ 

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့က တောင်ကိုရီးယား၏ လေပိုင်နက်အတွင်းသို့ မြောက်ကိုရီးယား ဒရုန်း (၅) စင်း ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် သမ္မတယွန်းဆက်ယိုက ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ထိုသို့ သတိပေး ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယားစစ်တပ်၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားဒရုန်းများ ကျူးကျော်ဝင်ရောက်လာမှုကြောင့် တိုက်လေယာဥ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဥ်များကို ချက်ချင်း ပျံတက်စေခဲ့ပြီး ပစ်ချရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ 

မြောက်ကိုရီးယားဒရုန်းများ လေပိုင်နက်ကျူးကျော်ခဲ့မှုကို တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတက သတိပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ သတင်းထုတ်ပြန်ရေးမှူး Kim Eun-hye က ဆိုသည်။

"တစ်ကယ်လို့ မြောက်ကိုရီးယားက မိမိတို့ ပိုင်နက်ထဲကို နောက်တစ်ကြိမ် ကျူးကျော်လာခဲ့ရင် စစ်ရေးသဘောတူညီမှုကို ရပ်ဆိုင်းရန် စဥ်းစားဖို့ နိုင်ငံတော်လုံခြုံရေးရုံးကို သမ္မတက အစည်းအ‌ဝေးမှာ ညွှန်ကြားခဲ့ပါတယ်" ဟု Kim က ပြောသည်။

 ၂၀၁၈ ခုနှစ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် ထိုစဥ်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ပြီး ရန်လိုသည့်လုပ်ရပ်များ လျှော့ချကြရန် သဘောတူညီခဲ့သည်။

၂၀၁၈ ခုနှစ် သဘောတူညီမှုတွင် နှစ်နိုင်ငံ နယ်စပ်တဝိုက် လေယာဥ်မပျံသန်းရဇုန်တစ်ခု သတ်မှတ်ခြင်း၊ ရေလမ်းကြောင်း ကြားခံဇုန် သတ်မှတ်ခြင်း၊ စစ်မဲ့ဇုန် Demilitarised Zone အတွင်း မြေမြှုပ်မိုင်းများနှင့် ကင်းစခန်းများ ဖယ်ရှားခြင်းတို့ ပါဝင်သည်။ 

ကိုရီးယားနှစ်နိုင်ငံကြား ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီမှု မရှိတော့ပါက ကင်းစခန်းများ ပြန်လည်ထားရှိနိုင်ခြင်း၊ ယခင် လေယာဥ်မပျံသန်းရဇုန်အတွင်း ကျည်အစစ်များသုံးပြီး စစ်ရေးလေ့ကျင့်နိုင်ခြင်းနှင့် ဝါဒဖြန့် အသံထုတ်လွှင့်ခြင်းတို့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက ယခုနှစ်တွင် ကိုယ်ပျောက်ဒရုန်းများ တည်ဆောက်ရေး အရှိန်မြှင့်လုပ်ဆောင်ရန်နှင့် ဒရုန်းပစ်ချနိုင်သည့် ကာကွယ်ရေးစနစ်တစ်ခု အလျင်အမြန် အကောင်အထည်ဖော်ရန်လည်း ညွှန်ကြားခဲ့ကြောင်း သိရသည်။ 

တောင်ကိုရီးယားစစ်တပ်က ၂၀၁၈ ခုနှစ်မှစပြီး ၎င်း၏ Ground Operations Command အောက်တွင် ဒရုန်းတပ်ရင်း (၂) ခု ဖွဲ့စည်းထားပြီး ထိုတပ်ရင်းများကို မူလက အနာဂတ်စစ်ပွဲအတွက် ရည်ရွယ်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

Source: Reuters, AFP