ယူကရိန်းသမ္မတဇီလန်းစကီးနှင့် အမေရိကန်သမ္မတဘိုင်ဒန်တို့ အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေး

ယူကရိန်းသမ္မတဇီလန်းစကီးနှင့် အမေရိကန်သမ္မတဘိုင်ဒန်တို့ အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ရုရှား၏ ကျူးကျော်မှုနှင့်အတူ ရုရှား-ယူကရိန်း စစ်ပွဲစတင်ခဲ့ပြီးနောက် ရက် (၃၀၀) အကြာ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဥ်အဖြစ် အဓိက မဟာမိတ်ဖြစ်သည့် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အိမ်ဖြူတော်၌ သမ္မတဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံခဲ့သည်။ 

အိမ်ဖြူတော်ကို ရောက်ရှိလာသည့် ယူကရိန်းသမ္မတဇီလန်းစကီးကို တစ်ဘက်စီတွင် နှစ်နိုင်ငံအလံများ စိုက်ထူထားသည့် ကောဇောနီလျှောက်လမ်းဖြင့် ကြိုဆိုခဲ့သည်။

အမေရိကန်သမ္မတဘိုင်ဒန်နှင့် သမ္မတကတော်ဂျေးလ်တို့က ယူကရိန်းသမ္မတကို ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် အတူတကွ ဓာတ်ပုံအရိုက်ခံခဲ့ကြသည်။ 

အမေရိကန်သမ္မတဘိုင်ဒန်နှင့် ယူကရိန်းသမ္မတဇီလန်းစကီးတို့က အိမ်ဖြူတော် ဘဲဥပုံခန်းမတွင် (၂) နာရီကြာ ဆွေးနွေးကြရန် စီစဥ်ထားခဲ့သည်။ 

ဇီလန်းစကီးက ယူကရိန်းအတွက် များစွာလိုအပ်သော ကူညီထောက်ပံ့မှုများအတွက် အမေရိကန်ပြည်သူများ၊ သမ္မတနှင့် ကွန်ဂရက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ဝါရှင်တန်ဒီစီကို ရောက်ရှိလာစဥ် ပြောခဲ့သည်။

ရုရှားကျူးကျော်မှုကို ခုခံတိုက်ခိုက်ရာတွင် ယူကရိန်း၏ ကာကွယ်ရေးစွမ်းရည် ပိုမို ခိုင်မာအားကောင်းစေရန် အမေရိကန်သမ္မတဘိုင်ဒန်နှင့် ဆွေးနွေးသွားမည်ဟုလည်း ဇီလန်းစကီးက ဆိုသည်။ 

ယခုခရီးစဥ်မှာ ယူကရိန်းနှင့်အမေရိကန်ကြား နက်ရှိုင်းသော ယုံကြည်မှုကို ပြသလိုက်ခြင်းဖြစ်ပြီး ယူကရိန်းစစ်တပ်၏ လိုအပ်ချက်များကို ရှင်းပြနိုင်ရန် အခွင့်အရေးရရှိစေသည်ဟု သမ္မတဇီလန်းစကီး၏ အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ခရီးစဥ်မတိုင်မီ ပြောခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကလည်း အမေရိကန်က ယူကရိန်းကို အဆင့်မြင့် Patriot လေကြောင်းကာကွယ်ရေးစနစ် အပါအဝင် ဒေါ်လာ (၁.၈၅) ဘီလီယံ တန်ဖိုးရှိ နောက်ထပ် အကူအညီများ ပေးအပ်သွားမည်ဟု အတည်ပြုထားသည်။ 

ယူကရိန်းသမ္မတဇီလန်းစကီးက ၎င်း၏ အမေရိကန်ခရီးစဥ်အတွင်း ကွန်ဂရက်လွှတ်တော်တွင် မိန့်ခွန်းပြောမည်ဖြစ်ပြီး အစည်းအဝေးများလည်း ပြုလုပ်သွားမည် ဖြစ်သည်။

Source: CNN, Reuters

Photo: REUTERS/Leah Millis, Ukrainian Presidential Press Servic,