ထိုင်းနိုင်ငံအနီး သောင်တင်နေသည့် ရိုဟင်ဂျာ (၂၀၀) ပါရှိသော စက်လှေကို ကယ်ဆယ်ရန် အရှေ့တောင်အာရှ နိုင်ငံရေးသမားများ တောင်းဆို

Photo: AFP
Photo: AFP
ထိုင်းနိုင်ငံအနီး သောင်တင်နေသည့် ရိုဟင်ဂျာ (၂၀၀) ပါရှိသော စက်လှေကို ကယ်ဆယ်ရန် အရှေ့တောင်အာရှ နိုင်ငံရေးသမားများ တောင်းဆို
ဒီဇင်ဘာ 21, 2022 | နိုင်ငံတကာသတင်း
By Tachileik News Agency

ထိုင်းနိုင်ငံအနီး ပင်လယ်ပြင်တွင် သီတင်းပတ်များစွာ သောင်တင်နေသည့် စက်လှေပေါ်မှ ရိုဟင်ဂျာဒုက္ခသည် (၂၀၀)ကို ကယ်ဆယ်ရန်

 အရှေ့တောင်အာရှ နိုင်ငံရေးသမားများက ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ (၂၀) ရက်နေ့၌ တောင်းဆိုလိုက်သည်။ 

"ရှာဖွေကယ်ဆယ်ရေးလုပ်ကြဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ အခြားနိုင်ငံများကို ကျွန်မတို့ အရေးတကြီး တောင်းဆိုပါတယ်" ဟု အင်ဒိုနီးရှား လွှတ်တော်အမတ်ဟောင်း Eva Sundari က ဆိုသည်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Eva Sundari က "စိုးရိမ်စရာအန္တရာယ်ရှိနေတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ကလေးတွေ အပြည့်နဲ့ စက်လှေတစ်စီးကို ဒီအတိုင်း ဆက်ရှိနေစေတာက ရှက်စရာကောင်းပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

မလေးရှားနိုင်ငံ လွှတ်တော်‌အမတ်ဟောင်းနှင့် APHR ဥက္ကဌဖြစ်သူ Charles Santiago ကလည်း သောင်တင်နေသည့် ဒုက္ခသည်များကို ကယ်ဆယ်ရေးတွင် နှောင့်နှေးမှုက ပြောမပြနိုင်လောက်သော ဆင်းရဲဒုက္ခနှင့် အသက်ဆုံးရှုံးမှုကို ဖြစ်စေခဲ့ပြီးဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ပြောခဲ့သည်။ ရိုဟင်ဂျာ (၂၀၀) အထိ ပါရှိနိုင်သော အဆိုပါစက်လှေ၏ လက်ရှိတည်နေရာကို မသိရသေးသည့်အပြင် မည်သည့်အချိန်က မည်သည့်နေရာမှ ထွက်ခွာလာသည်ကို အတည်ပြုထားနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ စက်လှေတွင်လိုက်ပါသွားသူတစ်ဦး၏ ဆွေမျိုးတစ်ဦးက ၎င်း၏ဆွေမျိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းလှေငယ်တစ်စီးဖြင့် စက်လှေရှိရာ ရေနက်ပိုင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး မလေးရှားသို့ လာရောက်ရန်ဖြစ်သည်ဟု AFP သတင်းဌာနကို ပြောကြားထားကြောင်း သိရသည်။

ရိုဟင်ဂျာအများအပြားသည်မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိနိုင်ရန် အန္တရာယ်များလှသည့် ပင်လယ်ပြင်ခရီးကိုအသက်စွန့် သွားလာနေကြပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် နေထိုင်ရမှုအခြေအနေ ဆိုးရွားလာကာ

ယမန်နှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ရိုဟင်ဂျာများ ပင်လယ်ပြင်ကို အသက်စွန့်ဖြတ်သန်းမှု သိသာစွာ မြင့်တက်လာခဲ့ကြောင်း သိရသည်။



Source: Bangkok Post