ရုရှားက ယူကရိန်းနိုင်ငံ၏ မြို့များကို ဒီဇင်ဘာလ (၁၆) ရက်နေ့၏ နံနက်ပိုင်း အသွားအလာများပြားချိန်တွင် ဒုံးကျည်အစင်း (၇၀) ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ပွဲစတင်ကတည်းက ၎င်း၏ အကြီးဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား အရေးပေါ် ဖြတ်တောက်ခဲ့ရကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောသည်။
ရုရှားတိုက်ခိုက်မှုအတွင်း ယူကရိန်းအလယ်ပိုင်းရှိ Kryvyi Rih မြို့တွင် လူနေတိုက်ခန်းကို ဒုံးကျည်ထိမှန်ပြီး လူ (၂) ဦး သေဆုံးခဲ့ကြောင်းနှင့် တောင်ပိုင်းရှိ Kherson မြို့တွင်လည်း နောက်ထပ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရုရှားက သိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းရှိ ဒေသများ၌ ရုရှားခန့်အပ်ထားသော အရာရှိများကလည်း ယူကရိန်းတိုက်ခိုက်မှုကြောင့် လူ (၁၁) ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ရုရှားက လာမည့် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် အစွမ်းကုန် ထိုးစစ်ဆင်ရန် စီစဥ်နေကြောင်း ယူကရိန်းအစိုးရက ဒီဇင်ဘာလ (၁၅) ရက် နှောင်းပိုင်း၌ သတိပေးခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် စတင်ခဲ့သည့် ရုရှား၏ ကျူးကျော်စစ်ပွဲမှာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး ယူကရိန်း၏ နယ်မြေဒေသ အများအပြားမှာ တိုက်ပွဲများကြောင့် ပျက်စီးသွားခဲ့သော်လည်း နယ်မြေဒေသအနည်းငယ်မျှသာ ရုရှားထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့ကြောင်းလည်း သိရသည်။
ရုရှားက စစ်ပွဲအတွင်း ရှုံးနိမ့်ဆုတ်ခွာရမှုများ ဆက်တိုက်ရှိလာပြီးနောက် အောက်တိုဘာလ အစောပိုင်းမှစပြီး အပတ်စဥ်နီးပါး ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေခဲ့သည်။
သို့သော် ဒီဇင်ဘာလ (၁၆) ရက်နေ့၏ တိုက်ခိုက်မှုမှာ အခြားတိုက်ခိုက်မှု အများအပြားထက် ယူကရိန်း၏ အခြေခံအဆောက်အအုံများကို ပိုမိုပျက်စီးစေခဲ့ပုံရကြောင်း သိရသည်။
"ဓာတ်အားပေး အဆောက်အအုံ (၉) ခု ပျက်စီးခဲ့တာ သိရှိထားပြီးပါပြီ" ဟု ယူကရိန်းစွမ်းအင်ဝန်ကြီး German Galushchenko က ပြောသည်။
အပျက်အစီး အခြေအနေကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ၎င်းကဆိုသည်။
လေကြောင်းရန်ကာကွယ်ရေးကို အာရုံလွှဲရန် ကြိုးပမ်းမှုအဖြစ် ရုရှားစစ်လေယာဥ်များက ယူကရိန်းအနီး ပျံသန်းနေခဲ့ကြောင်း ယူကရိန်းလေတပ်ပြောခွင့်ရပုဂ္ဂိုလ် Yuriy Ihnat က ဆိုသည်။
ရုရှား၏ ရည်ရွယ်ချက်မှာ ယူကရိန်းနိုင်ငံသားများကို အမြဲတမ်း ဖိအားအောက်တွင် ရှိနေစေပြီး နေ့စဥ်နီးပါး ဗုံးခိုကျင်းများထဲတွင် သွားရောက်နေထိုင်ရကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု သို့မဟုတ် ရေပြတ်လပ်မှုတို့ကြောင့် အဆင်မပြေဖြစ်စေရန် ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး Yulia Svyrydenko က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီး ယူကရိန်းက ခံနိုင်ရည်ရှိလိမ့်မည်ဟု ပြောထားသည်။
ရုရှားက ပစ်လွှတ်လိုက်သည့် ဒုံးကျည် (၇၆) စင်းအနက်မှ အစင်း (၆၀) ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်အကြီးအကဲက ဆိုသည်။
ရုရှား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်းစကီး၏ ဇာတိမြို့ဖြစ်သည့် Kryvyi Rih မြို့တွင် လူနေတိုက်ခန်းတစ်ခုကို ထိမှန်ခဲ့မှုကြောင့် လူ (၂) ဦးသေဆုံးပြီး ကလေး (၂) ဦး အပါအဝင် အနည်းဆုံး လူ (၅) ဦး ဒဏ်ရာရခဲ့ကြောင်း Dnipropetrovsk နယ်မြေ အုပ်ချုပ်ရေးမှူးက ပြောသည်။
တတိယ သေဆုံးသူတစ်ဦးမှာ ယူကရိန်းတောင်ပိုင်း Kherson မြို့တွင် ရုရှားက တိုက်ခိုက်ခဲ့ပြီးနောက် မီးလောင်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောသည်။
ရုရှား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုက ယူကရိန်းအရှေ့ပိုင်း Kharkiv မြို့တွင်လည်း ဆိုးရွားစွာ ထိမှန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Source: Reuters
Photo: REUTERS/Alexander Ermochenko, REUTERS/Gleb Garanich,