ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်အတွင်း ကုန်းသာရွာတွင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည့် တိုက်ပွဲရှောင်ပြည်သူများထဲက အချို့မှာ ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် တိုက်ပွဲရှောင် ပြည်သူများ နေရပ်သို့ ပြန်လာကြပြီဖြစ်ကြောင်း TNLA က သတင်း ထုတ်ပြန်ထားရှိသည်။
နေရပ်ပြန်လာသည့် တိုက်ပွဲရှောင် ဒေသခံများမှာ တာလတ်ကျေးရွာ၊ ပိန်းလုံကျေးရွာနှင့် မန်လုံးကျေးရွာဒေသခံများဖြစ်ကြကြောင်း သိရသည်။
၎င်းတို့သည် ကုန်းသာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နမ့်ဆန်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်ကြောင်း သိရသည်။
ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့ကစတင်ကာ ဒီဇင်ဘာလ (၁၃)ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံ ၂၀၀၀ ကျော် တိမ်းရှောင်ခဲ့ရသည်။
ကုန်းသာကျေးရွာ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က လေကြောင်းကို အဓိက အားထားကာ အသုံးပြု တိုက်ခိုက်သည့်အတွက် ကုန်းသာကျေးရွာ နှင့် အနီးအနားရွာများနေ ပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေကြရသလို ဒေသခံများကို ဓါးစာခံအဖြစ် ပြုလုပ်ခြင်း၊ ရိုက်နှက် စစ်ဆေးမေးမြန်းခြင်းများပါ ပြုလုပ်၍ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းလည်း ဖြစ်သည်။