ဘီယာဆိုင်တစ်ခုတွင် စဉ့်ကူနယ်မြေရဲစခန်းမှူး အပါအဝင် ရဲအချို့ ပစ်ခတ်ခံရပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့

ဘီယာဆိုင်တစ်ခုတွင် စဉ့်ကူနယ်မြေရဲစခန်းမှူး အပါအဝင် ရဲအချို့ ပစ်ခတ်ခံရပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့

 မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူကျေးရွာအုပ်စုအတွင်းရှိ စဉ့်ကူနယ်မြေရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲ (၅)ဦးအား ဒေသကာကွယ်ရေးတပ်များက  ဘီယာဆိုင်တစ်ဆိုင်တွင်  ဝင်ရောက်ပစ်ခတ်ရာ ရဲတချို့သေပြီး သေနတ်(၃)လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)က ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်းရဲများကို ဒီဇင်ဘာဘာ(၁)ရက်နေ့၏ နေ့လည်ပိုင်းက ပခုက္ကူမြို့ပြပြောက်ကျား တပ်ဖွဲ့ (တပ်ဖွဲ့-၂)မှ ကွန်မန်ဒို ရဲဘော်(၄)ဦးဖြစ်သည့် ရဲဘော်ဒီး၊ ရဲဘော်ပုဂံကြီး၊ ရဲဘော်ပုဂံလေးနှင့် ရဲဘော် King တို့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး G3 နှစ်လက်နှင့် အူဇီတစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ပြည်သူကို မတရား အခွန်ကောက်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ မတရားဥပဒေများဖြင့် ပြည်သူကို ဖိနှိပ်နှိပ်စက်နေခြင်းတို့ကြောင့်ဟုလည်း ဆိုသည်။

ယင်းသို့ ဝင်ရောက်ပစ်ခတ်နိုင်ရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ-၁ မှ သတင်းအချက်အလက် ထောက်လှမ်းပေးမှုနှင့်အတူ အချိန်တစ်လ ကျော်ကြာ ပြင်ဆင်ခဲ့ရသည်ဟုလည်း ဆိုသည်။

ဖြစ်စဥ်အတွင်း ရဲဘော်တစ်ဦး၏ ပေါင်ကိုကျည်ထိမှန်ခဲ့သော်လည်း  အသက်အန္တရယ် မစိုးရိမ်ရဟုလည်း ထုတ်ပြန်ထားသည်။