မလေးရှားနိုင်ငံတွင် ဝါရင့်အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်မ်က ဝန်ကြီးချုပ်သစ်ဖြစ်လာ

မလေးရှားနိုင်ငံတွင် ဝါရင့်အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်မ်က ဝန်ကြီးချုပ်သစ်ဖြစ်လာ
နိုဝင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲအပြီး အစိုးရတစ်ရပ်ဖွဲ့စည်းရန် မတိုးသာ မဆုတ်သာ အခြေအနေဖြင့် ရက်နှင့်ချီကြာ နိုင်ငံရေး မရေရာမှု ဖြစ်နေခဲ့ပြီးနောက် ဝါရင့်အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်မ်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ပြီး နိုဝင်ဘာလ (၂၄) ရက် ညနေပိုင်းတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

မလေးရှားတွင် အထွေထွေရွေးကောက်ပွဲများကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့က ကျင်းပခဲ့ရာ ပြိုင်ဘက်များဖြစ်ကြသည့် အန်ဝါနှင့် ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင်ယာစင်တို့ ဦးဆောင်သော အဓိက နိုင်ငံရေးပါတီကြီး (၂) ခုလုံးက အစိုးရဖွဲ့ရန်အတွက် လွှတ်တော်တွင် အမတ်နေရာအများစုကို ပြတ်ပြတ်သားသား အနိုင်မရခဲ့ဘဲ မကြုံစဖူး ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ခဲ့သည်။ 

ထိုအခြေအနေကြောင့် မလေးရှားတွင် နိုင်ငံရေး မရေရာမှု (၅) ရက်ကြာ ဖြစ်ပေါ်နေခဲ့သည်။

နောက်ဆုံးတွင် မလေးရှားဘုရင် အယ်လ်ဆူလ်တန် အဗ္ဗဒူလ်လာက လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးပြီး အန်ဝါကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ 

အန်ဝါ၏ Pakatan Harapan (PH) ပါတီက ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ အများစုအတွက် အနိုင်ရခဲ့သော်လည်း တစ်ပါတီတည်းဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းရန် လိုအပ်သည့် အမတ်နေရာကိုမူ မရခဲ့ဟုဆိုသည်။

မလေးရှားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများတွင် ပါတီတစ်ခုတည်းက လွှတ်တော်အမတ်နေရာ အများစုကို ပြတ်ပြတ်သားသား အနိုင်ရခြင်းမရှိသည့် မဲရလဒ်ထွက်ပေါ်လာမှုမှာ ၁၉၅၇ ခုနှစ်က လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်လည်း ဖြစ်လာသည်။ 

ဘုရင်၏ ရွေးချယ်ခန့်အပ်မှုဖြင့် မလေးရှားဝန်ကြီးချုပ်ဖြစ်လာသည့် အန်ဝါမှာ ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ 

အန်ဝါမှာ ၂၀၁၈ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်ရန် နီးစပ်ခဲ့သေးသည်။

အသက် (၇၅) နှစ်အရွယ် အန်ဝါမှာ လိင်တူဆက်ဆံမှုနှင့် အဂတိလိုက်စားမှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရကာ အကျဥ်းထောင်တွင်း ဆယ်စုနှစ်တစ်ခုနီးပါးကြာ နေခဲ့ရသည်။ 

ထိုစွဲချက်များမှာ နိုင်ငံရေးရည်ရွယ်ချင်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းကို နိုင်ငံရေးမလုပ်နိုင်ရန်ဖြစ်ကြောင်း အန်ဝါက တုံ့ပြန်ခဲ့သည်။

 

Source: BBC, Reuters

Photo: Mohd Rasfan/Pool via REUTERS