ရုရှားနိုင်ငံတွင် နိုက်ကလပ် မီးလောင်မှုကြောင့် အနည်းဆုံး လူ (၁၃) ဦး သေဆုံး

ရုရှားနိုင်ငံတွင် နိုက်ကလပ် မီးလောင်မှုကြောင့် အနည်းဆုံး လူ (၁၃) ဦး သေဆုံး
နိုဝင်ဘာ 5, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားနိုင်ငံ Kostroma မြို့ရှိ နိုက်ကလပ်တစ်ခုတွင် မီးလောင်မှုကြောင့် အနည်းဆုံး လူ (၁၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

အရက်မူးနေသည့် ဧည့်သည်တစ်ဦးက အကစင်ပေါ်တွင် အချက်ပြမီးကျည် ပစ်ဖောက်ခဲ့ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြောင်း ရုရှားမီဒီယာက ဖော်ပြသည်။

 ထို့နောက် မီးလောင်မှုမှာ မျက်နှာကြတ်ကို ကူးစက်လောင်ကျွမ်းခဲ့ပြီး အခန်းအတွင်း မီးခိုးများ လျင်မြန်စွာ ပြည့်သွားခဲ့ကြောင်း သတင်းများက ပြောသည်။

ဒေသခံတစ်ဦး ဖြစ်ပုံရသည့် အချက်ပြမီးကျည် ပစ်ဖောက်သူကို ဖမ်းဆီးထားသည်။ 

မော်စကိုမြို့ အရှေ့မြောက်ဘက် မိုင် (၁၈၀) အကွာရှိ Kostroma မြို့တွင် ဒေသစံတော်ချိန် နံနက် (၂) နာရီဝန်းကျင်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

မီးလောင်မှုကို နာရီအတန်ကြာ ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၇) နာရီ (၂၉) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးကပြောကြောင်း Reuters သတင်းက ဖော်ပြသည်။

ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက မီးလောင်မှုဖြစ်စေခဲ့သည့် မီးရှူးမီးပန်းပစ္စည်းတစ်ခုကို အဆောက်အအုံအတွင်း အသုံးပြုမှုအတွက် အသက် (၂၃) နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ 

ထို့အပြင် နိုက်ကလပ်ကို စီမံခန့်ခွဲနေသည့် ကုမ္ပဏီ၏ ဒါရိုက်တာြဖစ်သူကိုလည်း ဖမ်းဆီးခဲ့သည်။ 

ရုရှားသတင်းဌာန TASS က ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဖော်ပြမှုအရ ဖမ်းဆီးထားသည့် သံသယရှိသူက မီးလောင်မှုအတွက် ၎င်းတွင် တာဝန်ရှိကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

"သူက ကလပ်ထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ ရှိနေခဲ့တယ်။ သူမအတွက် ပန်းတွေမှာနေပြီး မီးကျည်ပစ်ဖောက်တဲ့ သေနတ်တစ်လက် ကိုင်ထားခဲ့တယ်။ ပြီးတော့ သူက အကစင်ပေါ်ကို တက်သွားပြီး မီးကျည်ပစ်ဖောက်လိုက်တာပဲ" ဟု သတင်းရင်းမြစ်က ပြောသည်။ 

မီးလောင်မှုဖြစ်ပွားစဥ် ကလပ်အတွင်း လူဦးရေ မည်မျှရှိနေခဲ့သည်ကို အတိအကျ မသိရသော်လည်း လူ (၂၅၀) ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်နေသည့် တစ်ထပ်အဆောက်အအုံကို ရုရှားအစိုးရ ရုပ်မြင်သံကြားသတင်းက ဖော်ပြခဲ့ပြီး ဘေးအန္တရာယ်ကင်းရေး အစီအမံအချို့ကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ပြောသည်။ 

BBC Russia သတင်းဌာန၏ အဆိုအရ မီးလောင်မှုဖြစ်ပွားသည့် နိုက်ကလပ်ကို စီမံခန့်ခွဲနေသည့် ကုမ္ပဏီကို ဒေသခံ နိုင်ငံရေးသမားတစ်ဦးက ပိုင်ဆိုင်ကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ်က ရုရှားနိုင်ငံ Perm မြို့တွင် ဖြစ်ပွားခဲ့သော နိုက်ကလပ်တစ်ခု မီးလောင်မှုအတွင်း လူ (၁၅၉) ဦး သေဆုံးခဲ့ဖူးသည်။

Source: BBC, Reuters

Photo: Russian Emergencies Ministry in Kostroma region