အရောင်းအဝယ်သဘောတူညီမှုနှင့် ပတ်သက်၍ လနှင့်ချီကြာ အငြင်းပွားမှုရှိခဲ့ပြီးနောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် အပြီးသတ်ဝယ်ယူလိုက်ပြီဟု ရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြောသည်။
အီလွန်မက်စ်က အောက်တိုဘာလ (၂၇) ရက်နေ့တွင် Twitter ပိုင်ရှင်အသစ် ဖြစ်လာခဲ့ပြီးနောက် Twitter ၏ အမှုဆောင်အရာရှိချုပ်နှင့် ဘဏ္ဍာရေးအကြီးအကဲကို ထုတ်ပယ်လိုက်ကြောင်းလည်း သိရသည်။
အီလွန်မက်စ်က Twitter ကို ဝယ်ယူမည်ဟု စတင်ကမ်းလှမ်းခဲ့ပြီး အရောင်းအဝယ်သဘောတူညီမှု ရရှိခဲ့သည်။
သို့သော် နောက်ပိုင်းတွင် Twitter တွင် အကောင့်တုများနှင့် ပတ်သက်၍ အချက်အလက်များရရှိရန် စောင့်ဆိုင်းနေစဥ် အရောင်းအဝယ်ကိစ္စကို ဆိုင်းငံ့ထားမည်ဟု အီလွန်မက်စ်က မေလအတွင်း ထုတ်ပြောခဲ့သည်။
ထို့အပြင် အကောင့်တုများနှင့် spam အကောင့်များဆိုင်ရာ အချက်အလက်များ မပေးအပ်ပါက Twitter ကို ဝယ်ယူမည့်ကိစ္စ ဖျက်သိမ်းနိုင်ကြောင်းလည်း အီလွန်မက်စ်က ဇွန်လဆန်းပိုင်းတွင် သတိပေးခဲ့သည်။
ယခုအခါတွင်မူ အရောင်းအဝယ်ကိစ္စ အပြီးသတ်ခဲ့ပြီဖြစ်ပြီး Twitter တွင် ၎င်း၏စိတ်ဝင်စားမှုမှာ ငွေရှာရန်အတွက်မဟုတ်ကြောင်း Tweet လုပ်ခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ Gerber Kawasaki Investments ၏ အမှုဆောင်အရာရှိချုပ် Ross Gerber က အရောင်းအဝယ်ကိစ္စ အပြီးသတ်ခဲ့ပြီဖြစ်ကြောင်း BBC သတင်းဌာနကို အတည်ပြုသည်။
Ross Gerber မှာ Twitter တွင် ရင်းနှီးမြှုပ်နှံထားသူလည်း ဖြစ်သည်။
အမေရိကန်မီဒီယာ သတင်းများအရ အီလွန်မက်စ် ပိုင်ရှင်ဖြစ်လာပြီးနောက် Twitter ၏ အမှုဆောင်အရာရှိချုပ် Parag Agrawal နှင့် ဘဏ္ဍာရေးအရာရှိချုပ် Ned Segal တို့ ကုမ္ပဏီတွင် ဆက်မရှိတော့ဟု ဆိုသည်။
Twitter ပူးတွဲတည်ထောင်သူ Biz Stone က Agrawal နှင့် ကုမ္ပဏီ၏ ဥပဒေရေးရာနှင့် မူဝါဒပိုင်းဆိုင်ရာ အရာရှိချုပ် Vijaya Gadde တို့ကို ၎င်းတို့၏ ကြီးမားသော ပါဝင်ဆောင်ရွက်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။
Vijaya Gadde မှာလည်း Twitter တွင် ဆက်မရှိတော့ဟု ဆိုသည်။
အီလွန်မက်စ်က Twitter ကို ဝယ်ယူပြီးနောက် နယူးယော့ခ်စတော့အိတ်ချိန်းတွင် Twitter ၏ ရှယ်ယာများ အရောင်းအဝယ်လုပ်မှုကို အောက်တိုဘာလ (၂၈) ရက်တွင် ဆိုင်းငံ့ထားမည်ဟု လည်း သိရသည်။
အီလွန်မက်စ်က Twitter ကို ဝယ်ယူခြင်းမှာ လူသားများကို ကူညီရန်ဖြစ်ကြောင်းနှင့် ခေတ်မီလူ့အဖွဲ့အစည်းကို အများပြည်သူဆိုင်ရာ ဒစ်ဂျယ်တယ် ရင်ပြင်နေရာတစ်ခု ရှိစေချင်ကြောင်း ပြောခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အီလွန်မက်စ်က ဆန်ဖရန်စစ္စကိုရှိ Twitter ရုံးချုပ်အတွင်းသို့ မီးဖိုချောင်သုံး ကြွေဘေစင်တစ်ခု သယ်ဆောင်ပြီး လမ်းလျှောက်ဝင်လာသည့် ဗီဒီယိုတစ်ခုကို Tweet လုပ်ခဲ့သေးသည်။
အီလွန်မက်စ်က ၎င်း၏ Twitter တွင် "Chief Twit" ဟု ပြောင်းလဲဖော်ပြထားသည်ကို တွေ့ရသည်။
Twitter ကို အီလွန်မက်စ်က ဝယ်ယူပိုင်ဆိုင်လိုက်ပြီးနောက် မည်ကဲ့သို့သော အပြောင်းအလဲများ ရှိလာမည်ကို စိတ်ဝင်စားနေကြကြောင်း သိရသည်။
Source: BBC, Reuters