အကျဥ်းချခံထားရသည့် ဘီလာရုစ်နိုင်ငံမှ တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ အဖွဲ့အစည်း (၂) ခုကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ရပ်တည်ကာကွယ်ပေးမှုအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲချီးမြှင့်လိုက်ကြောင်း သိရသည်။
ဘီလာရုစ်နိုင်ငံမှ တက်ကြွလှုပ်ရှားသူ Ales Bialiatsky ၊ ရုရှားနိုင်ငံမှ Memorial လူ့အခွင့်အရေးအုပ်စု နှင့် ယူကရိန်းနိုင်ငံမှ တတ်သိပညာရှင် သုတေသနအဖွဲ့ Centre for Civil Liberties (CCL) တို့ကို ၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များအဖြစ် ရွေးချယ်ခဲ့သည်။
အာဏာရှင်ခေါင်းဆောင် (၂) ဦးကို ဆန့်ကျင်ကြပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် ရပ်တည်ကာကွယ်ပေးခဲ့သည့် ၎င်းတို့၏ လုပ်ဆောင်မှုများကို နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဂုဏ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
သမ္မတဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းကို ကျူးကျော်မည့် ဆုံးဖြတ်ချက် ထွက်ပေါ်မလာမီ ယမန်နှစ် ဒီဇင်ဘာလအတွင်း ရုရှားအာဏာပိုင်များက Memorial လူ့အခွင့်အရေးအုပ်စုကို ဖျက်သိမ်းပစ်ခဲ့သည်။
တက်ကြွလှုပ်ရှားသူ Ales Bialiatsky မှာ ဘီလာရုစ်သမ္မတ အလက်ဇန်ဒါလူကာရှင်ကိုကို ဆန့်ကျင်ဆန္ဒပြမှုများအတွင်း ဖမ်ဆီးထိန်းသိမ်းခံခဲ့ရသည်။
ယူကရိန်းနိုင်ငံမှ CCL အဖွဲ့က ရုရှားသိမ်းပိုက်ခဲ့သည့် ယူကရိန်းနယ်မြေများအတွင်း နိုင်ငံရေးဖိနှိပ်မှုများနှင့် လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲချီးမြှင့်ခံသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း (၂) ခုက စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အာဏာအလွဲသုံးစားပြုလုပ်မှုများကို မှတ်တမ်းတင်ရန် ထူးချွန်ပြောင်မြောက်သော အားထုတ်မှုကို လုပ်ဆောင်ခဲ့ကြကြောင်း နော်ဝေနိုဘယ်ဆုကော်မတီ Norwegian Nobel Committee အကြီးအကဲ Berit Reiss-Andersen က သတင်းထောက်များကို ပြောသည်။
အသက် (၆၀) နှစ်အရွယ် တက်ကြွလှုပ်ရှားသူ Ales Bialiatsky က ဘီလာရုစ်နိုင်ငံ လူ့အခွင့်အရေးအုပ်စု Viasna ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ဘီလာရုစ်သမ္မတ လူကာရှင်ကို အာဏာရလာပြီးနောက် (၂) နှစ်အကြာ ၁၉၉၆ ခုနှစ်တွင် Viasna ကို တည်ထောင်ခဲ့ခြင်းလည်း ဖြစ်သည်။
Ales Bialiatsky မှာ ၂၀၁၁ ခုနှစ်တွင် ပထမဆုံးအကြိမ် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။
ထို့နောက် ယမန်နှစ်အတွင်း ဖမ်းဆီးခံခဲ့ရပြီး စွဲချက်မတင်ဘဲ အကျဥ်းထောင်တွင် အကျဥ်းချခံထားရသည်။
ဘီလာရုစ်တွင် Ales Bialiatsky အပါအဝင် လက်ရှိအချိန်အထိ နိုင်ငံရေးအကျဥ်းသား (၁,၃၄၈) ဦးရှိကြောင်း Viasna က ပြောသည်။
Memorial မှာ ရုရှားနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး လူ့အခွင့်အရေးအုပ်စုများအနက်မှ တစ်ခုဖြစ်ပြီး Memorial ကို ကနဦးတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Andrei Sakharov က ဦးဆောင်ခဲ့ပြီး ၎င်းမှာ ၁၉၈၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။
Memorial အုပ်စုက ချေချင်းညာဒေသတွင် ပြန်ပေးဆွဲမှုများနှင့် ညှဥ်းပန်းနှိပ်စက်မှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့သည်။
ချေချင်းညာဒေသရှိ Memorial ရုံးခွဲ၏ အကြီးအကဲ Natalia Estemirova မှာ ၂၀၀၉ ခုနှစ်တွင် အသတ်ခံခဲ့ရသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားတရားရုံးချုပ်က Memorial လူ့အခွင့်အရေးအုပ်စုကို ဖျက်သိမ်းပစ်ခဲ့သည်။
ယူကရိန်းနိုင်ငံမှ CCL အဖွဲ့မှာ မကြာသေးမီ လများအတွင်း ရုရှားတပ်ဖွဲ့များ ကျူးလွန်ခဲ့သည့် ညှဥ်းပန်းနှိပ်စက်မှုများကို အာရုံစိုက်လာခဲ့သည်။
ယခင်နှစ်များတွင်မူ CCL က ရုရှားသိမ်းပိုက်ထားသည့် ခရိုင်မီးယားနယ်မြေနှင့် ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် ယူကရိန်းအရှေ့ပိုင်းတွင် နိုင်ငံရေးဖိနှိပ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့သည်။
Source: BBC