ထိုင်းနိုင်ငံတွင် ရဲစခန်းတစ်ခုမှ သေနတ် (၁၅၉) လက် ခိုးယူမှုဖြင့် ရဲအရာရှိတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ခိုးယူခံရသည့် သေနတ် အလက် (၄၀) ပြန်လည်ရရှိခဲ့ကြောင်းနှင့် အများစုကို အမည်မဖော်သူက တိတ်တဆိတ် ပြန်လာထားခဲ့သည်ဟု ဆိုသည်။
နွန်သာဘူရီပြည်နယ် Pak Kret ရဲစခန်းမှ သေနတ် (၁၅၉) လက် ခိုးယူခံရကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ နယ်မြေ (၁) ၏ လက်ထောက်ရဲမင်းကြီး ရဲဗိုလ်ချုပ် Phananchai Chuenjaitham က အောက်တိုဘာလ (၂၁) ရက်တွင် ပြောသည်။
ရဲစခန်းမှ ခိုးယူခံရသည့် သေနတ်များမှာ M16 ရိုင်ဖယ် (၂၅) လက်၊ Glock ပစ္စတို (၂၄) လက်၊ Sig Sauer ပစ္စတို (၆၈) လက်နှင့် Smith & Wessons ပစ္စတို (၄၂) လက်ဖြစ်ကြောင်း သိရသည်။
သေနတ်များ ခိုးယူမှုဖြင့် Pak Kret ရဲစခန်းတွင် တာဝန်ကျသည့် ရဲတပ်ကြပ် Chaowalit Phumkhachorn ကို Nong Khai ပြည်နယ်ရှိ ဟိုတယ်တစ်ခု၌ အောက်တိုဘာလ (၂၀) ရက်နေ့က ဖမ်းဆီးမိခဲ့သည်။
၎င်းက နယ်စပ်ဖြတ်ကျော်ပြီး လာအိုနိုင်ငံသို့သွားရန် ပြင်ဆင်နေကြောင်း ထွက်ဆိုခဲ့သည်။
Chaowalit က Pak Kret ရဲစခန်းမှ သေနတ် အလက် (၉၀) ခန့် ခိုးယူသွားခဲ့ကြောင်း အစောပိုင်းသတင်းများက ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ခိုးယူခံရသည့် သေနတ်အရေအတွက်မှာ (၁၅၉) လက်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သေနတ်များ ခိုးယူသွားသည့် ရဲတပ်ကြပ် Chaowalit ကို Pak Kret ရဲစခန်းသို့ ပြန်လွှဲပြောင်းခဲ့ပြီး ထိုရဲစခန်းတွင် ၎င်းကို ထိန်းသိမ်းထားသည်။
Chaowalit ကို Saraburi ပြည်နယ်ရှိ အကျင့်ပျက်ခြစားမှုဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင် အောက်တိုဘာလ (၂၁) ရက်နေ့က ရုံးထုတ်ခဲ့ပြီး (၁၂) ရက်ကြာ ထိန်းသိမ်းထားရန် တရားရုံးခွင့်ပြုမိန့် တောင်းခံခဲ့သည်။
ခိုးယူခံရသည့် သေနတ် (၃၄) လက်ကို ရဲတပ်ဖွဲ့က ပြန်ရှာတွေ့ခဲ့ပြီးဖြစ်ကြောင်း ရဲဗိုလ်ချုပ် Peerapong Wongsawan က အောက်တိုဘာလ (၂၁) ရက် နံနက်ပိုင်းတွင် ပြောသည်။
ထိုသေနတ်များအနက် (၇) လက်ကို နွန်သာဘူရီရှိ နေအိမ်များကို ရှာဖွေမှုအတွင်း ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
သေနတ် (၂၇) လက်ကိုမူ အောက်တိုဘာလ (၂၀) ရက် ညပိုင်းက အညိုရောင် ခရီးဆောင်အိတ်တစ်လုံးဖြင့်ထည့်ပြီး ဘန်ကောက်မြို့ရှိ Lak Si ခရိုင်ရှိ Police Club အရှေ့တွင် အမည်မသိသူတစ်ဦးက တိတ်တဆိတ် လာရောက်ချထားခဲ့သည်ဟု ဆိုသည်။
ခိုးယူထားသော သေနတ်များ လက်ဝယ်ပိုင်ဆိုင်မှုအတွက် ဥပဒေအရ အရေးယူခံရမည်ကို ကြောက်ရွံ့ကြောင်း အမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြောခဲ့သည်ဟုလည်း သိရသည်။
ရဲစခန်းမှ သေနတ်များ ခိုးယူခံရမှုနှင့် ပတ်သက်၍ နွန်သာဘူရီပြည်နယ်တရားရုံးက ဘန်ကောက်နှင့် နွန်သာဘူရီရှိ နေအိမ် (၉) ခုကို ဝင်ရောက်ရှာဖွေရန် ရှာဖွေဝရမ်း ထုတ်ပေးခဲ့ကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး Jeeraphat Phumjit က ပြောသည်။
ဘန်ကောက်နှင့် နွန်သာဘူရီရှိ နေအိမ်များကို ရှာဖွေခဲ့ရာ နောက်ထပ် သေနတ်များ ထပ်မံတွေ့ရှိခဲ့ပြီး ပြန်လည်ရရှိခဲ့သည့် သေနတ်အရေအတွက် (၄၀) ရှိပြီဟု ရဲဗိုလ်ချုပ် Paisarn Wongwatcharamongkhol က အောက်တိုဘာလ (၂၁) ရက် နှောင်းပိုင်းတွင် ပြောသည်။
Source: Bangkok Post