ယူကရိန်း၏ နယ်မြေ (၄) ခုကို သိမ်းပိုက်ရန် ရုရှား၏ ကြိုးပမ်းမှုများအား ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံပေါင်း (၁၄၃)နိုင်ငံက မဲပေးပြီး တခဲနက် ဆန့်ကျင်ရှုတ်ချလိုက်သော်လည်း တရုတ်နှင့် အိန္ဒိယက မဲမပေးဘဲ ကြားနေကြောင်း သိရသည်။
ရုရှားနိုင်ငံကို ရှုတ်ချကြောင်း ဆုံးဖြတ်ချက်အား မဲခွဲခဲ့ရာတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနက် (၁၄၃ ) နိုင်ငံက ထောက်ခံခဲ့ကြပြီး တရုတ်နှင့်အိန္ဒိယ အပါအဝင် (၃၅) နိုင်ငံက မဲမပေးဘဲ ကြားနေအဖြစ်ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယား နှင့် နီကာရာဂူး တို့က ကန့်ကွက်မဲပေးခဲ့ကြသည်။
ယခု မဲခွဲမှုရလဒ်မှာ ယူကရိန်းကို ကျူးကျော်ခဲ့မှု နောက်ပိုင်း ရုရှားကို ဆန့်ကျင့်ကန့်ကွက်သည့် မဲအရေအတွက် အများဆုံးလည်း ဖြစ်လာသည်။
ရုရှားသမ္မတ ပူတင်က ယူကရိန်း၏ Luhansk, Donetsk, Zaporizhzhia နှင့် Kherson နယ်မြေများမှာ ရုရှားနိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုနယ်မြေများတွင် ရုရှားက ခန့်အပ်ထားသည့် နယ်မြေခေါင်းဆောင်များနှင့် သဘောတူညီချက်ကို ရုရှားသမ္မတပူတင်က လက်မှတ်ရေးထိုးခဲ့သည်။
ကုလသမဂ္ဂက ရုရှားကို ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရုရှား၏ ယူကရိန်းနယ်မြေများကို သိမ်းပိုက်ကြောင်း မည်သည့် ပြောဆိုမှုကိုမျှ အသိအမှတ်မပြုရန် ပြောထားသည်။
ပဋိပက္ခကို လျှော့ချရန် အားထုတ်ကြိုးပမ်းမှုများကို ကြိုဆိုကြောင်းနှင့် အလေးအနက် ထောက်ခံကြောင်းလည်း ကုလသမဂ္ဂဆုံးဖြတ်ချက်တွင် ဖော်ပြသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို မဲခွဲခဲ့ရာတွင် ရုရှားဘက်မှ ရပ်တည်ပြီး ကန့်ကွက်ခဲ့သည့် နိုင်ငံများမှာ အနောက်အုပ်အစိုးရများကို ကာလရှည်ကြာ ဝေဖန်နေခဲ့ကြသော နိုင်ငံများလည်း ဖြစ်သည်။
ဘီလာရုစ်နိုင်ငံမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာတွင် ၎င်း၏ ပိုင်နယ်ကို အသုံးပြုခွင့်ပေးထားသည်။
တရုတ်နှင့် အိန္ဒိယတို့ကမူ ပဋိပက္ခတွင် ကြားနေအဖြစ်သာ နေလိုကြပြီး မဲမပေးခဲ့ကြပေ။
ထို့အတူ အာဖရိကမှ (၁၉) နိုင်ငံကလည်း မဲမပေးခဲ့ကြောင်း သိရသည်။
လုံခြုံရေးကောင်စီတွင် အရေးယူမှုကို တားဆီးရန် ရုရှားက ဗီတိုအာဏာသုံးခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ရန်ဖြစ်လာခဲ့သည်ဟု ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်၊ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့ကလည်း အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအဖြစ် ဗီတိုအာဏာသုံးခွင့်ရှိသည်။
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ၎င်း၏ ဗီတိုအာဏာသုံးခွင့်ရှိမှုကို ပယ်ဖျက်ပစ်ရန် တောင်းဆိုမှုများရှိခဲ့သည်။
Source: BBC
Photo: Bebeto Matthews/AP, ED JONES, Al Jazeera, United Nations ,