အဇာဘိုင်ဂျန်နှင့် အာမေးနီးယား  နယ်စပ်တိုက်ပွဲတွင် နှစ်ဖက် စစ်သား (၁၀၀) နီးပါး သေဆုံး

အဇာဘိုင်ဂျန်နှင့် အာမေးနီးယား  နယ်စပ်တိုက်ပွဲတွင် နှစ်ဖက် စစ်သား (၁၀၀) နီးပါး သေဆုံး
စက်တင်ဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်း နိုင်ငံများဖြစ်သည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နိုင်ငံတို့အကြား စက်တင်ဘာလ (၁၂) ရက်နေ့ ညပိုင်းကနေ စက်တင်ဘာလ (၁၃) ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်စစ်သား (၁၀၀) နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။ 

ယခုတိုက်ပွဲမှာ ၂၀၂၀ ခုနှစ်နောက်ပိုင်း ထိုနှစ်နိုင်ငံကြား သေဆုံးမှုအများဆုံး တိုက်ပွဲလည်းဖြစ်လာခဲ့သည်။

စက်တင်ဘာလ (၁၄) ရက်နေ့တွင်လည်း အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ကြား နောက်ထပ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

စက်တင်ဘာလ (၁၄) ရက်နေ့တွင် အဇာဘိုင်ဂျန်ဘက်က အမြောက်များ၊ မော်တာ်ကျည်များနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။ 

 

အဇာဘိုင်ဂျန်ကို တူရကီနိုင်ငံက နိုင်ငံရေးနှင့်စစ်ရေး ကျောထောက်နောက်ခံပြု အကူအညီပေးနေသည်ဟု ဆိုသည်။

"အာမေးနီးယား-အဇာဘိုင်ဂျန် နယ်စပ်မှာ အခြေအနေ တင်းမာနေဆဲဖြစ်တယ်" ဟု အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ကနဦး ဖြစ်ပွားခဲ့သည့် နယ်စပ်တိုက်ပွဲအတွင်း အနည်းဆုံး အာမေးနီးယားစစ်သား (၄၉) ဦးနှင့် အဇာဘိုင်ဂျန်စစ်သား (၅၀) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

နှစ်နိုင်ငံလုံးက တိုက်ပွဲဖြစ်ပွားရခြင်းအတွက် အပြန်အလှန် အပြစ်ဖို့ခဲ့ကြသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ရာမှ စစ်ပွဲကြီးဖြစ်ပွားနေစဥ် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ကြား တိုက်ပွဲဖြစ်ပွားလာခြင်းက ဆိုဗီယက်ပြည်ထောင်စုဟောင်း နယ်မြေတွင် နောက်ထပ် လက်နက်ကိုင်ပဋိပက္ခကြီး ပေါ်ပေါက်လာစေနိုင်မှုအပေါ် စိုးရိမ်ပူပန်နေကြသည်။ 

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ကြား ဆယ်စုနှစ် (၃) ခုအတွင်း စစ်ပွဲ (၂) ကြိမ်နှင့် သေးငယ်သည့် ထိပ်တိုက်တွေ့မှုများ ပုံမှန်တွေ့နေခဲ့ရသည်။

စက်တင်ဘာလ (၁၃) ရက်နေ့တွင် ရုရှားက ထိုနှစ်နိုင်ငံအကြား ယခုနောက်ဆုံးဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ ရပ်ဆိုင်းကြရန် ကြားဝင်တိုက်တွန်းခဲ့သည်။ 

အဇာဘိုင်ဂျန်နှင့် အာမေနီးယားတို့က ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက် သီးခြားလွတ်လပ်သည့် နိုင်ငံများအဖြစ် ရပ်တည်လာခဲ့ကြသည်။ 

၎င်းတို့ နှစ်နိုင်ငံကြား ၁၉၈၀ ပြည့်လွန်နှင့် ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း အလုံးစုံ စစ်ပွဲကြီးဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်လည်း သီတင်း (၆) ပတ်ကြာ စစ်ပွဲဖြစ်ပွားခဲ့ကာ တိုက်ခိုက်မှုများ ဆယ်စုနှစ်များကြာ ဆက်ဖြစ်နေခဲ့သည်။

Source: Reuters, BBC