နိုင်ငံရေးလမ်းပြမြေပုံ၏ သတ္တမအဆင့်ဖြစ်သည့် အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမဟာဗျူဟာ (မူကြမ်း)ကို အတည်ပြုနိုင်ရန် ဆွေးနွေးနေကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုအခြေခံ၍ မဟာဗျူဟာမူကြမ်းရေးဆွဲတင်ပြရန်နှင့် မဟာဗျူဟာ လေ့လာဆန်းစစ်မှုများနှင့် စောင့်ကြည့်သုံးသပ်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်ရန်အတွက် JCC-Strategy ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်တွင် စတင် ဖွဲစည်းလုပ်ဆောင်နေကြခြင်းဖြစ်ပြီး JCC - Strategy ကတင်ပြသည့် မူကြမ်းကို လက်ရှိဆွေးနွေးနေကြခြင်းဖြစ်သည်ဟု သိရသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် အင်အားစုများက အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC ကို ၂၀၂၁ ခုနှစ် မတ်လ (၈)ရက်နေ့တွင် စတင်စုဖွဲ့ခဲ့ကြခြင်းဖြစ်သည်။
NUCC က ယင်းနှစ် ဧပြီလ (၁၆)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။